http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

သိထားသင့်တဲ့ စင်ကာပူ(၂)


သိထားသင့်တဲ့ စင်ကာပူ(၂)

နေထိုင်မှုစနစ်


စင်ကာပူရဲ့ နေထိုင်မှုစနစ်ကတော့ အတော်ပဲ ရိုးရှင်းပြီး customize လုပ်ခွင့်နည်းပါးတာကို တွေ့ရပါတယ်။ နေရာတိုင်းမှာ တွေ့ရတတ်တဲ့ အစိုးရတိုက်ခန်း (HDB Flat) တွေ၊ ရန်ကုန်က ကွန်ဒိုတွေလောက် မခမ်းနားတဲ့ အဆင့်မြင့်တိုက်ခန်းကွန်ဒိုတွေနဲ့ လုံးချင်းအိမ် အနည်းအကျဉ်းသာ ရှိပါတယ်။ အထပ်မြင့်မြင့်တွေ ဆောက်ထားလေ့ရှိတဲ့ HDB တိုက်တွေတိုင်းမှာ ဓါတ်လှေခါး၊ အမှိုက်သွန်တဲ့စနစ်၊ Cable TV စနစ်၊ Gas ပိုက်လိုင်း၊ ဖုံး၊ ရေပူရေအေးစနစ် စတာတွေ အဆင်သင့်ပါတတ်ပြီး တော်တော်ဟောင်းတဲ့ တိုက်အချို့မှာသာ Gas ပိုက်လိုင်း မပါတာမျိုး ရှိတတ်ပါတယ်။ ဓါတ်လှေခါးဆိုလည်း အထပ်တိုင်းမှာ မရပ်တာမျိုးရှိတတ်ပါတယ်။ ကျန်တာတွေကတော့ တိုက်ခန်းမှန်ရင် အပြည့်အစုံ ပါတာတွေချည်းပါပဲ။ အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်း ၁ ခန်းပါတဲ့ တိုက်ခန်းတွေကို 2+1 လို့ သုံးနှုန်းကြပြီး 3+1 ဆိုရင် အိပ်ခန်း ၃ ခန်း၊ ဧည့်ခန်း ၁ ခန်းပါ။ ဒီနေရာမှာ တိုက်ခန်းနဲ့ ပတ်သတ်ပြီး စင်ကာပူရောက် မြန်မာတွေ အခန်းငှားကြတာ၊ အတူစုပေါင်းနေကြတာလေးတွေကို ဖေါ်ပြချင်ပါသေးတယ်။

အိမ်ငှားကြတယ်ဆိုပေမယ့် တကယ်တော့ ကျောတခင်းစာ၊ လူတစ်ယောက်စာကိုပဲ အဓိကငှါးကြတာများပါတယ်။ အိမ်ငှားတဲ့အခါမှာ ကိုယ့်အလုပ်နဲ့နီးတဲ့နေရာကို အဓိက ဦးစားပေးရှာကြရသလို ဈေးနှုန်းသက်သာတဲ့ အိမ်ခန်း၊ လူသိပ်မများတဲ့ အိမ်ခန်းကိုလည်း ရွေးရပါတယ်။ အိမ်ရှင် စင်ကာပူလူမျိုး၊ မလေးရှားလူမျိုးတို့နဲ့ အတူနေရတဲ့ အခန်းတွေ ရှိသလို မြန်မာအိမ်ရှင်နဲ့ နေရတဲ့ အိမ်တွေလည်း ရှိပါတယ်။ အိမ်ရှင်တွေက Master Bedroom လို့ခေါ်တဲ့ ရေချိုးခန်းတွဲပါတဲ့ အခန်းတွေမှာ နေလေ့ရှိပြီး အိမ်ငှါးတွေကတော့ သာမန်အခန်းတွေမှာ ၂ ယောက်တစ်ခန်း၊ ၃ ယောက်တစ်ခန်း စသည်ဖြင့်နေကြပါတယ်။ တချို့မြန်မာတွေကတော့ အိမ်ရှင်ဆီကနေ တစ်အိမ်လုံးငှါးပြီး အခန်းလေးတွေကို ပြန်ငှါးတတ်ကြပါတယ်။ အဲဒီလူမျိုးကို သူကြီးလို့ ခေါ်ကြပြီး သူက အိမ်လခ၊ ရေဖိုး၊ မီးဖိုး စတာတွေကောက်ခံ စုဆောင်းပေးရလေ့ရှိပါတယ်။ ရံဖန်ရံခါ အိမ်ငှါးချင်းတက်တဲ့ ပြဿနာတွေကိုလည်း ရှင်းပေးရတတ်ပါတယ်။


အိမ်ခန်းကတွေက နေရာလိုက်ပြီး ဈေးအပြောင်းအလဲ ရှိပါတယ်။ အဓိကကတော့ မြို့ထဲနဲ့ နီးတဲ့နေရာ၊ ဘူတာနဲ့ နီးတဲ့နေရာဆို အိမ်ဈေးတွေ ကောင်းပါတယ်။ တစ်အိမ်လုံးငှါးရင် SGD1800~2300 ကြားလောက်ပေးရတတ်ပြီး အိမ်ကောင်းရင်၊ နေရာကောင်းရင် ပိုများတတ်ပါတယ်။ ၂ ယောက်တွဲနေရမယ့် အခန်းငယ်တစ်ခန်းစီအတွက် တစ်ယောက်ကို ၂၈၀-၃၇၀ လောက်ပေးရတတ်ပါတယ်။ စဖေါ်တစ်လစာလည်း ပေးရပါတယ်။ PUB လို့ခေါ်တဲ့ ရေခွန်၊မီးခွန်၊ဂက်စ်ခွန်ကတော့ အိမ်ရှင် အနေအထားကို လိုက်ပြီး တခါတလေ အပြီးအစီးပါတတ်ပြီး တခါတလေတော့ ထပ်ဆောင်းပေးရတတ်ပါတယ်။ Internet ကတော့ Optional သဘောမျိုးဖြစ်ပြီး သုံးမယ်ဆို SGD20 လောက် ထပ်ပေးရတတ်ပါတယ်။ မြန်မာတွေကတော့ Boonlay, Jurong East, Clementi, Woodlands, Ang Mo Kio, Toa Payoh, Eunos, Serangoon, Senkeng, Tampines စတဲ့ အရပ်တွေမှာ အနေများပါတယ်။ ပုံမှန် HDB အခန်းအတော်များများကတော့ အခန်းအနေအထား မဆိုးလှပါဘူး။ သိပ်မကျဉ်းသလို၊ ကျုယ်လှတယ်လို့လည်း မဟုတ်ပါဘူး။ အိမ်တွေရဲ့ အခင်းက ကျောက်ပြားခင်းတွေ ဖြစ်ပါတယ်။ အခန်းငှါးတဲ့အခါ ပုံမှန်အားဖြင့် ကုတင်၊ မွေ့ယာ၊ ပန်ကာ၊  အဝတ်ဘီရိုနဲ့ စာကြည့်စားပွဲလောက်တော့ ပါပါတယ်။ တအိမ်လုံးငှါးတယ်ဆိုရင်တော့ ဧည့်ခန်းအဆောင်အယောင်တွေနဲ့ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တို့ တွဲပါရပါတယ်။ အခန်းတစ်ခန်းကို ၂ ယောက်တွဲနေကြမယ်ဆိုရင် ချက်ပြုတ်ခွင့်ရမရ၊ ဆေးလိပ်သောက်ခွင့်၊ ဧည့်သည်လာခွင့် စတာတွေကို ရှင်းရှင်းလင်းလင်း မေးထားသင့်ပါတယ်။ အရင်က ယောက်ျားလေးတွေချည်းပဲနေကြ၊ မိန်းကလေးတွေချည်းပဲ နေကြပေမယ့် ခုနောက်ပိုင်းမှာတော့ 2+1 အိမ်မှာ ယောက်ျားလေးတွေက တစ်ခန်း၊ မိန်းကလေးတွေက တစ်ခန်းစုနေတာမျိုးတွေ ရှိလာပါတယ်။ စင်ကာပူရောက် မြန်မာအများစုဟာ အလုပ်နဲ့ကျောင်းကို အချိန်ပြည့်နီးပါး အချိန်ပေးနေရလို့ အိမ်ပြန်ရောက်တဲ့အခါ အိပ်ရုံလောက်ပဲ အသုံးချရတတ်ပါတယ်။ ဒါကြောင့် ယောက်ျားတစ်ခန်း၊ မိန်းမတစ်ခန်းနေလည်း ပြဿနာမရှိလှဘူးလို့ တွေးလာကြတာလည်း ဖြစ်ပါတယ်။ အိမ်ခန်းလိုချင်တဲ့အခါ အချင်းချင်း နီးစပ်ရာမေးကြသလို ပင်နီစူလာပလာဇာက သပြေနုဆိုင် (ဒေါ်သန်းသန်းနုဆိုင်၊ ၅ လွှာ)လို၊ Clementi က ကောင်းစုံလို ဆိုင်တွေမှာ အခန်းလိုချင်တဲ့ လူတွေနဲ့ အခန်းလွတ်ရှိတဲ့လူတွေ သတင်းပေးတဲ့ စာအုပ်လေးတွေ ရှိပါတယ်။ အဲဒီမှာ သွားရှာပြီး ဖုံးကိုဆက်မေး၊ အိမ်သွားကြည့်နဲ့ အဆင်ပြေတတ်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ Online မှာ Website တွေတင်ပြီးလည်း အခမဲ့ ကူညီကြပါတယ်။

မြန်မာအများစုကတော့ အထက်မှာရေးခဲ့တဲ့အတိုင်း HDB အခန်းတွေမှာသာ နေလေ့ရှိပြီး JTC လို့ခေါ်တဲ့ နည်းနည်းဈေးသက်သာတဲ့ အခန်းတွေမှာလည်း နေလေ့ရှိပါတယ်။ ဒါပေမယ့် ကွန်ဒိုတွေမှာတော့ နေခဲလှပါတယ်။ အခန်းခဈေးကြီးသလို ကွန်ဒိုအများစုဟာ ဘူတာနဲ့ အတော်လေးလှမ်းတဲ့နေရာတွေမှာ တိတ်တိတ်ဆိတ်ဆိတ် ရှိတတ်လို့ပါပဲ။ ကွန်ဒိုမှာနေသူတွေအနေနဲ့တော့ ရေကူးကန်၊ အားကစားခမ်းမ စတဲ့ အထူးခံစားခွင့်တွေကိုလည်း ရနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Public Transport လို့ခေါ်တဲ့ ရထား၊ ဘတ်စ်ကားတွေကို အားကိုးနေရသူတွေ များနေဆဲဖြစ်လို့ HDB ဒါမှမဟုတ် JTC အခန်းတွေကသာ အဆင်ပြေတတ်ကြောင်း ဖေါ်ပြလိုက်ရပါတယ်။

www.thanlwin.com မှကူးယူတင်ပြပါသည်။

0 comments: on "သိထားသင့်တဲ့ စင်ကာပူ(၂)"

Post a Comment

အမှတ်တရလေး တခုခုရေးခဲ့ဦးနော်