သမားရိုးကျအားဖြင့် အမျိုးသမီးများက အမျိုးသားများထက် စိတ်ခံစားမှု ပိုမိုပြင်းထန်ပြီး မျက်ရည်လွယ်တတ်သည့် အကြောင်းရင်းကို ဗြိတိန်ဆရာဝန်များက ရှင်းပြခဲ့သည်။ ဆေးပညာနှင့် သိပ္ပံပညာဆိုင်ရာ စာရေးဆရာမ ရစ်တာကာတာက ယခုကဲ့သို့ ဖြစ်ရသော အကြောင်းရင်းသည် အမျိုးသားနှင့် အမျိုးသမီးများကြား ဦးနှောက်အလုပ်လုပ်ပုံ ကွာခြားမှုကြောင့်ဟု ဆိုသည်။ ရစ်တာသည် သူမ၏ တွေ့ရှိချက်များကို အသစ်ရေးသား ထုတ်ဝေလိုက်သော ဆေးပညာ စာအုပ်အတွင်း ထည့်သွင်းဖော်ပြထားသည်။ သူမ၏ အဆိုအရ အမျိုးသားများနှင့် အမျိုးသမီးများ၏ ဦးနှောက်များတွင် လုပ်ငန်းဆောင်တာများ ခွဲဝေဆောင်ရွက်သည့် အစိတ်အပိုင်း အတော်များများမှာ တည်ဆောက်ပုံ ကွဲပြားကြောင်း သိရသည်။ လူ့ဦးနှောက်သည် အပိုင်းကြီးနှစ်ခု ကွဲနေပြီး တစ်ခုစီတွင် မတူညီသော အစိတ်အပိုင်းများ ပါဝင်နေသည်။ ၎င်းအပိုင်းနှစ်ခုသည် Corpus callosumခေါ် ခပ်ထူထူ အစိတ်အပိုင်းဖြင့် သွယ်စပ်နေပြီး ယင်းသည် ဦးနှောက်က စဉ်းစားသိရှိသော အချက်အလက်များကို မူလအပိုင်းကြီး နှစ်ခုကြား ပေါင်းကူးဆက်နွယ်ပေးသည်။ အမျိုးသမီးများ၏ ဦးနှောက်တွင်ရှိသော Corpus callosumသည် သဘာဝအားဖြင့် အမျိုးသားများထက် အတန်ငယ် ကြီးနေလေ့ရှိပြီး ရလဒ်အနေနှင့် အမျိုးသမီးများ၏ ဦးနှောက်သည် စိတ်ခံစားချက်ကို လှုံ့ဆော်နှိုးဆွပေးသည့် ဦးနှောက်ညာခြမ်းပိုင်းတွင် အမျိုးသားများထက် အားကောင်းလေ့ရှိသလို တုန့်ပြန်ရာတွင်လည်း မြန်ဆန်စေသည်။ ထိုအချက်သည်ပင် အမျိုးသမီး အများစုက အရာရာကို ရေးကြီးခွင်ကျယ် လုပ်တတ်သလို စိတ်လှုပ်ရှားမှု ပြင်းထန်စေခြင်း၏ အဓိက အကြောင်းရင်းလည်းဖြစ်သည်။ စိတ်လှုပ်ရှားမှု များနေခြင်းကြောင့်လည်း တွေးခေါ်ရာတွင်၊ စကားပြောရာတွင် အမျိုးသားများထက် အမျိုးသမီးများက အလျင်စလို ဖြစ်တတ်ကြောင်း ရစ်တာက ရှင်းပြထားသည်။ ထို့အပြင် သူမ၏ လေ့လာချက်များအရ ရှုပ်ထွေးခက်ခဲသော အလုပ်များကို ဆောင်ရွက်ရာတွင် အမျိုးသမီးများသည် ဦးနှောက်၏ နှစ်ခြမ်းစလုံးကို သုံးလေ့ရှိပြီး အမျိုးသားများ၏ ဦးနှောက်မှာမူ အလုပ်နှင့် သင့်တော်သော အစိတ်အပိုင်းကိုသာ လှုံ့ဆော်ခိုင်းစေလေ့ရှိကြောင်း ရစ်တာက စာအုပ်အတွင်း ရေးသားဖော်ပြထားသည်။
0 comments: on "အမျိုးသမီးများ ဘာကြောင့်အငိုလွယ်ကြ"
Post a Comment
အမှတ်တရလေး တခုခုရေးခဲ့ဦးနော်