http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

အချစ်များကြားအကွာအဝေး

သူ့အသက် (၁ဝ)နှစ်

အရက်သောက်မထားရင် အဖေက စကားနည်းပြီး ဆိတ်ဆိတ်နေတတ်သူဖြစ်တယ်။ သူ(၁ဝ)နှစ်အရွယ်မှာ အဖေကို သူစမုန်းတတ်ခဲ့တယ်။ အဲဒီနှစ်က အရက်တွေသောက်ပြီး အမူးလွန်နေတဲ့အဖေဟာ အမေကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့တယ်။ အမေအရိုက်ခံရတာကို သူနဲ့မောင်လေး ထောင့်တစ်နေရာမှာရပ်ပြီး ကြည့်နေခဲ့တယ်။ နုနယ်တဲ့သူ့ရဲ့စိတ်ထဲမှာ ထူထည်းတဲ့အနာတရတွေက မုန်းတီးခြင်းအဖြစ် အရေပြားမွေးညင်းတွေအထိ ကူးစက်ရှင်သန်ခဲ့တယ်။

အဖေက ရွာသူကြီးပါ။ သာမန်ရွာသူရွာသားတွေရဲ့ အမြင်မှာ အဖေက အကြီးအကဲတစ်ဦးဆိုပေမယ့် စာဖတ်များတဲ့ သူ့အမြင်မှာတော့ အဖေက အဆင့်တစ်ဆင့်မြင့်တဲ့ ခေါင်းဆောင်ပဲဖြစ်ခဲ့တယ်။ အဖေထက် ရာထူးကြီးသူတွေ အများအပြားရှိကြောင်း သူသိထားလို့ဖြစ်တယ်။ ဒါကြောင့် ရွာထဲက ကိစ္စသေးသေးမွှားမွှားလေးလုပ်ပြီး အာ.. ဒါက ဥပဒေအရ၊ ဒါက အထက်အမိန့်အရနဲ့ ဂုဏ်ယူဝင့်ကြွားတတ်တဲ့အဖေကို သူကြည့်မရခဲ့ဘူး။

"အဖေဟာ ဘာမှနားမလည်တဲ့ ရွာသူကြီးတစ်ဦးဖြစ်တယ်။ သူ့ကိုမုန်းတယ်" လို့ နေ့စဉ်မှတ်တမ်းမှာ သူရေးမှတ်ခဲ့တယ်။

အဖေက အရက်ကြိုက်သူဖြစ်တယ်။ ရွာထဲမှာ တစ်ခုခုလုပ်ရင် အဖေကိုအရင်ဖိတ်ကြတယ်။ ဒီလိုကိစ္စမျိုးမှာ အဖေက တတပ်တအား ပါဝင်ကူညီတတ်တယ်။ အရက်သောက်ထားတဲ့အဖေဟာ ရွာသားတွေနဲ့ဝိုင်းဖွဲ့ပြီး မျက်ထောင့်နီကြီးနဲ့ ရှုံးသူအရက်သောက်စတမ်းဆိုတဲ့ ကစားနည်းတွေ ကစားနေတတ်တယ်။ ကစားနည်းတွေကို သူနားမလည်ပေမယ့် အဲဒီအပြုအမှုတွေကို ရွံမုန်းစရာကောင်းတယ်လို့ သူထင်ခဲ့တယ်။

အဖေက ရပ်ရွာအဖွဲ့ဝင်တွေကို အိမ်မှာ ထမင်းဖိတ်ကျွေးတတ်တယ်။ အဲဒီအခါ အမေက အိမ်ထဲအိမ်ပြင် အလုပ်များပြီး အဲဒီလူတွေကို ကျွေးမွေးဧည့်ခံရတယ်။ အဲဒီလူတွေကို သူကြည့်မရခဲ့ဘူး။ သူတို့တွေက သူစာကျက်၊ စာရေးလို့မရအောင် လာဖျက်ဆီးသူလို့ သူထင်ခဲ့တယ်။ ဒါကြောင့် ကြီးလာရင် အဖေ့လိုဘယ်တော့မှ မလုပ်ဘူးလို့ သူဆုံးဖြတ်ခဲ့တယ်။

အဖေကို မုန်းတီးတဲ့စိတ်နဲ့ ငယ်ငယ်လေးတည်းက အဖေကို သူပြန်ပြောတတ်ခဲ့တယ်။ တစ်ခွန်းမကျန် ခွန်းတုန့်ပြန်တတ်ခဲ့တယ်။ အဲဒီအပြုအမှုတွေက အကျင့်တစ်ခုအဖြစ် သူသွေးကြောထဲမှာ စီးဆင်းနေခဲ့တယ်။ အဖေပြောတာတွေကို ဆင်ခြေရှာပြီး သူငြင်းဆန်ခဲ့တယ်။ အဖေက သူ့ကိုစူးစိုက်ကြည့်ပြီး "ငါ ရိုက်လိုက်ရ" လို့ အော်တဲ့အချိန် ခေါင်းမော့ပြီး အဖေကို သူပြန်အာခံကြည့်တတ်ခဲ့တယ်။ ဒါပေမယ့် အဖေမျက်လုံးထဲက သူနားမလည်တဲ့၊ သူ့ကိုကြောက်ရွံစေတဲ့အရာတွေက သုံးလေးစက္ကန့်အတွင်းမှာ သူ့ခေါင်းကို ပြန်ခေါင်းငုံ့စေခဲ့တယ်။

အိမ်နီးချင်းတွေက အဖေ့ကို "ခင်ဗျားသမီးက ငယ်ငယ်လေးနဲ့ ထက်တယ်နော်" လို့ပြောရင် အဖေက "အသုံးကျမှာ မဟုတ်ဘူး... ပြန်အာခံဖို့ပဲတတ်တယ်" လို့ ကြမ်းကြမ်းတမ်းတမ်းပြောတယ်။ ဒါကို သူကြားတော့ အဖေကို ပိုမုန်းခဲ့မိတယ်။

သူ့အသက်(၁၈)နှစ်

မြို့ပေါ်မှာ သူအထက်တန်းတက်ခဲ့တယ်။ တစ်ပတ်ဒါမှမဟုတ် နှစ်ပတ်နေမှ သူအိမ်တစ်ခေါက်ပြန်တယ်။

အဖေက ရွာထဲမှာ ရွာသူကြီးလုပ်နေဆဲမို့ အိမ်ပြန်တိုင်း အဖွဲ့ဝင်တွေနဲ့ အရက်ဝိုင်းသောက်နေတတ်တဲ့အဖေကို သူတွေ့ရတယ်။ ဒါကို ရွံရှာတဲ့သူက အိမ်ထဲမှာအောင်းနေရတာက အိမ်ပြင်မှာ အရက်သောက်ပြီးနီမြန်းတဲ့ မျက်နှာနဲ့ ပြုံးရယ်နေတဲ့ အဖေမျက်နှာကို မြင်ရတာထက် ကောင်းတယ်လို့ သူတွေးထင်ခဲ့တယ်။

အဖေအရက်သောက်လေ အမေကို သူသနားလေဖြစ်ခဲ့တယ်။ အမေက အမြဲတမ်း အဖေခိုင်းသမျှကို ဘာတစ်ခွန်းမှ ပြန်မပြောရဲဘဲ မငြိုမငြင်လုပ်ပေးခဲ့ရတယ်။ သူကြီးလာရင် အမေလိုမဖြစ်စေရဘူး၊ အဖေလိုယောက်ျားမျိုးကို မရှာဘူး၊ အပြင်မှာ မကျေနပ်ခဲ့တာတွေကို အမေ့အပေါ်ဒေါသတွေ စုပုံတတ်တဲ့လူမျိုးကို မရှာဘူးလို့ သူ အဓိဋ္ဌာန်ချခဲ့တယ်။

ကျောင်းပိတ်ရက်ရောက်တိုင်း စာကျက်စရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူအိမ်မပြန်ခဲ့တော့ဘူး။ အသုံးစရိတ်ပြတ်မှ အိမ်တစ်ခေါက် သူပြန်တတ်ခဲ့တယ်။ အဖေနဲ့ သူစကားပြောနည်းခဲ့သလို အဖေကလည်း သူနဲ့စကားသိပ်မပြောခဲ့ဘူး။ အိမ်ပြန်တဲ့အချိန် အိမ်မှာအမေရှိမနေခဲ့ရင် ဆင်ခြေတစ်ခုခုရှာပြီး အိမ်ကနေ သူချက်ချင်းပြန်ထွက်ခဲ့တတ်တယ်။ အမေမရှိတဲ့အချိန် အဖေနဲ့အိမ်ထဲမှာ သူအတူရှိမနေချင်ခဲ့ဘူး။

တစ်ခါတလေ အလုပ်ကိစ္စနဲ့ အဖေမြို့တက်ခဲ့ရင် ကျောင်းမှာသူ့ကိုလာကြည့်တတ်တယ်။ ဧည့်ခန်းဆောင်မှာ နေ့ဝက်လောက်ထိ သူ့ကိုထိုင်စောင့်တတ်တဲ့ အဖေကို သူတွေ့ပေမယ့် ဝမ်းသာအားရနှုတ်ဆက်တာမျိုး သူ့မှာ မရှိခဲ့ဘူး။ စာသင်ခန်းထဲကနေ လေးလေးသွဲ့သွဲ့ထွက်လာပြီး "အော်.. အဖေ ရောက်နေတာလား" လို့ပဲ သူပြောတတ်ခဲ့တယ်။

အဖေကလည်း သူ့ကိုတွေ့ပေးမယ့် ရင်းနှီးဟန်မပြခဲ့ဘူး။ "အေး... နင့်အမေက လာကြည့်ခိုင်းလို့ လာခဲ့တယ်။ အဆင်ပြေရဲ့လား"လို့ ဝတ်ကျေတမ်းကျေပြောပြီး တံခါးစောင့်အဘိုးအိုနဲ့ ပြောလက်စ စကားကို ဆက်ပြောနေတတ်တယ်။

သမီးနဲ့အမေ စိတ်ချင်းဆက်ဆိုသလို အမေကို သူသတိရလိုက်မိတယ်။ အဖေသူ့ကိုလာတွေ့တာက အမေခိုင်းလိုက်လို့ပဲဖြစ်မယ်။ သူအိမ်ပြန်တိုင်း တံခါးဝမှာ သူပြန်အလာကို စောင့်မျှော်နေတတ်တဲ့ အမေကို သူမြင်ယောင်မိတယ်။ ဒီလိုအချိန်မျိုးမှာ သူ့မျက်ထောင့်က စိုစွတ်လာတတ်တယ်။

"အေး.. စာကြိုးစား ငါပြန်တော့မယ်"

အဖေရဲ့စကားက ဒီလောက်ပဲလွယ်ကူလွန်းခဲ့ပါတယ်။ အဖေ့စိတ်ထဲမှာ ဒီသမီးအတွက် နေရာရှိခဲ့မှာ မဟုတ်ဘူးလို့ သူထင်တယ်။ ကားပေါ်တက်ပြီး တံခါးစောင့်အဘိုးအိုကို လက်ပြပြီး အဖေအားရပါးရ နှုတ်ဆက်တယ်။ သူ့ကိုတော့ တစ်ချက်ပဲကြည့်ပြီး အဖေထွက်သွားခဲ့တယ်။ တစ်ခါတလေ အဖေက အမေထည့်ပေးလိုက်တဲ့ အသုံးစရိတ်တွေ သူ့ကိုပေးတတ်တယ်။ အမေကို သူပိုကျေးဇူးတင်မိပြီး အဖေကိုတော့ သူတော်ကောင်းယောင်ဆောင်သူလို့ နေ့စဉ်မှတ်တမ်းမှာ သူရေးမှတ်ခဲ့တယ်။

တက္ကသိုလ်ဝင်ခွင့်စာရွက် အမေကိုသူပြတော့ အမေက စိတ်လှုပ်လှုပ်ရှားရှားနဲ့ စာရွက်ကို ပွတ်သပ်ကြည့်နေခဲ့တယ်။ အဖေ့ကိုအမေပြတော့ အဖေမျက်နှာပေါ်က ပြောင်းလဲမှုတချို့ကို သူသတိထားမိလိုက်တယ်။ အဖေ့အတွက် ဂုဏ်ယူဝင့်ကြွားစရာတစ်ခု ရသွားပြီလို့ သူထင်လိုက်တယ်။ တုန်ယင်နေတဲ့ နှုတ်ခမ်းထောင့်စွန်းနဲ့ အဖေစကားတစ်ခွန်း ပြောလိုက်တယ်။

"တကယ်ပဲကွာ!"

အဖေရဲ့စကားကို သူသဘောမပေါက်ခဲ့ဘူး။ နောက်ရက်တွေမှာတော့ အိမ်နီးချင်းတွေနဲ့ ဂုဏ်ပြုစားပွဲလေးတစ်ခု လုပ်ခဲ့ကြတယ်။

"ခင်ဗျားသမီး ထက်တယ်လို့ ကျုပ်ပြောခဲ့တာ မှန်တယ်မဟုတ်လား!" အိမ်နီးချင်းရဲ့ အပြောစကားကြားမှာ အဖေရဲ့ချီးမြှောက်သံကို သူကြားချင်နေခဲ့မိတယ်။ ဒါပေမယ့် အဖေရယ်သံကိုပဲ မျှော်လင့်ချက်မဲ့စွာ သူကြားခဲ့ရတယ်။

ကျောင်းတက်ဖို့ ကားဂိတ်အထိ သူ့ကိုအဖေလိုက်ပို့ခဲ့တယ်။ ကားထွက်ခါနီး အဖေက "ကားထွက်တော့မယ်။ စကားတွေ သိပ်မပြောတော့ဘူး။ ကျောင်းရောက်တာနဲ့ ဖုန်းချက်ချင်းဆက်ခဲ့နော်.. နင့်အမေ သတိရနေလိမ့်မယ်" လို့ပဲပြောခဲ့တယ်။

နှုတ်ခမ်းကို ပြတ်မတတ်သူကိုက်မိတယ်။ သမီးဆိုတာ အမေရဲ့အသားတစ်တုံးပဲလေ မလွမ်းဘဲနေပါ့မလား?

သူ့အသက် (၂၇)နှစ်

ကျောင်းပြီးတော့ မြို့က ကုမ္ပဏီတစ်ခုမှာ သူအလုပ်ဝင်ခဲ့တယ်။ အလုပ်ဝင်ပြီး ကျောင်းတုန်းကချစ်သူနဲ့ သူလက်ထပ်ခဲ့တယ်။ သူလက်ထပ်တော့ အဖေက ရွာအိမ်အထိ သူ့ကိုလာတောင်းဖို့ ကောင်လေးကို ပြောခဲ့တယ်။ ကောင်လေးအိမ်က မချမ်းသာတဲ့အပြင် ကားလည်းမရှိတာကြောင့် မိုင်(၂ဝဝ)ကျော်ဝေးတဲ့ ရွာအထိ သူမသွားစေချင်ခဲ့ဘူး။ ဒါကို အဖေကိုပြောပြတော့ အဖေကလက်မခံခဲ့ဘူး။ ရိုးရာအတိုင်း မိဘအိမ်အထိ သမီးရှင်ကိုလာတောင်းဖို့ပဲ ပြောခဲ့တယ်။

ချစ်သူကောင်လေးကို ဒီအကြောင်းပြောပြတော့ သူတို့က ပျော်ပျော်ရွှင်ရွှင်နဲ့ "အင်း.. ပိုက်ဆံနည်းနည်း ပိုကုန်သွားတာလေးပဲ ဒါကောင်းတယ်" လို့ လက်ခံခဲ့တယ်။

သူ့ကိုလာတောင်းတဲ့နေ့က အဖေအစောကြီးနှိုးနေခဲ့တယ်။ သတိုးသမီးကြိုတဲ့ကားပေါ် သူရောက်တော့ အဖေ့ကို သူမတွေ့ခဲ့တော့ဘူး။ အမေတစ်ယောက်ပဲ သူ့ကိုကားပေါ်ပို့ခဲ့တယ်။ ကားပေါ်ရောက်လို့ မောင်လေးကို "အဖေရော" လို့ သူမေးတော့ "အဖေလား မျက်ရည်တစမ်းစမ်းနဲ့ အိမ်နောက်ဖေးထဲ ဝင်သွားလိုက်တာတွေ့တယ်" လို့ ပြောတယ်။ သူ့ရင်ထဲ စူးခနဲဖြစ်သွားမိတယ်။ သူတို့ရှေ့မှာ အဖေမျက်ရည်ကျတာကို သူတို့တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။

မင်္ဂလာကားပေါ်ရောက်သွားတဲ့ သတိုးသမီးက ကားအောက်ပြန်မဆင်းရဘူးဆိုတဲ့ အယူထုံးစံကြောင့် အဖေကို သူမတွေ့ခဲ့ရဘူး။ ခြံပြင်ဘက် ဝေးဝေးတစ်နေရာရောက်မှ အိမ်နောက်ဖေးမှာ ကျုံ့ကျုံ့လေးထိုင်နေပြီး မျက်နှာကို လက်ဖဝါးနဲ့ပွတ်သပ်နေတဲ့ အဖေရဲ့ခပ်ပါးပါးအရိပ်ကို သူလှမ်းမြင်လိုက်တယ်။ ကားတဖြေးဖြေးဝေးသွားတော့ အဖေ့အရိပ်ကလည်း မှုန်ဝါးဝါးအဖြစ်နဲ့ ကျန်ရစ်ခဲ့တယ်။

အိမ်ထောင်ကျစရက်တွေမှာ သူပျော်ရွှင်နေခဲ့လို့ အိမ်ပြန်တဲ့ရက်တွေ ပိုနည်းသွားခဲ့တယ်။ အိမ်ကိုဖုန်းဆက်ခဲ့ပေမယ့် အမေကပဲ ဖုန်းလာကိုင်တယ်။ တစ်ခါတလေ ဖုန်းတစ်ဘက်မှာ "သမီးရဲ့ဖုန်း သမီးနဲ့ပြောအုန်းမလား" ဆိုတဲ့ အဖေကို လှမ်းမေးတဲ့အသံ ကြားတတ်ရတယ်။

အဖေက ဖုန်းကောက်ကိုင်ပြီး စက္ကန့်ပိုင်းလောက်တော့ တိတ်ဆိတ်နေတတ်တယ်။ ပြီးမှာ "အလုပ်အကိုင် အဆင်ပြေရဲ့လား? နေထိုင်လို့ ကောင်းရဲ့လား?" လို့မေးတတ်တယ်။ အဖေ့အမေးကို "ကောင်းတယ်"လို့ တစ်ခွန်းပဲ သူဖြေတတ်ခဲ့တယ်။ အဖေ့အသံတွေ တစ်နေ့တစ်ခြား အိုစာသွားတာကို သူစိတ်မကောင်းစွာ သတိထားခဲ့မိတယ်။

"အဖေအိုပြီ။ ကျွန်မကြီးပြင်းခဲ့ပြီ။ အဖေကို အရင်က ကျွန်မမုန်းခဲ့ဖူးတယ်။ ခုချိန်မှာတော့ အဖေ့ခေါင်းပေါ်က ပိုဖြူလာတဲ့ဆံပင်တွေကို ကြည့်ရင်း ဘယ်ဆံပင်ဖြူကများ အနားမှာမရှိတဲ့ ဒီသမီးကို လွမ်းဆွတ်ပြီးဖြူတာလဲလို့ ကျွန်မတွေးခဲ့ဖူးတယ်" လို့ နေ့စဉ်မှတ်တမ်းမှာ သူရေးမှတ်ခဲ့တယ်။

သူ့အသက် (၃၂)နှစ်

မောင်လေးလည်း တက္ကသိုလ်ရောက်တော့ အိမ်ကလယ်တွေလည်း လျှော့နည်းကုန်တယ်။ ဆောင်းဦးမှာ အဖေက သူနဲ့မြေးကိုလာကြည့်မယ်လို့ ဖုန်းဆက်တယ်။ လင်ယောက်ျားခရီးထွက်နေတာကြောင့် အိမ်မှာသူတစ်ယောက်တည်း ရှိနေခဲ့တယ်။ မနက်ရောက်မယ်ဆိုတဲ့ အဖေက နေ့လယ်ရောက်တဲ့အထိ ပေါ်မလာခဲ့သေးဘူး။ ကလေးကို ဘေးအိမ်မှာအပ်ခဲ့ပြီး အဖေ့ကို ကားဂိတ်မှာသူသွားရှာခဲ့တယ်။ ကားဂိတ်ရောက်တာနဲ့ လူတွေဝိုင်းအုံ့နေတဲ့ တစ်နေရာကို သူတွေ့မိတယ်။

"တောကတက်လာတဲ့ အဘိုးအိုတစ်ယောက် ကားပွတ်မိလို့တဲ့" လူတွေရဲ့စကားကြောင်း လူအုပ်ကြားထဲ သူအတင်းတိုးဝင်ကြည့်မိတယ်။ ကားသမားနဲ့ လျှော်ကြေးကိစ္စငြင်းခုန်နေတဲ့ အဘိုးအိုကိုတွေ့တော့ သူအော်ငိုပြီး ပြေးဝင်သွားမိတယ်။ ငိုနေတဲ့သူ့ကို ကြောင်ကြည့်နေတဲ့ အဘိုးအိုကိုတွေ့တော့ သူရယ်မိပြန်တယ်။

"ဒီမိန်းမ ဘာဖြစ်တာလဲ?" လူတွေရဲ့အမေးကို သူရှက်ရယ်ရယ်ရင်း လူအုပ်ကြားထဲက ပြန်တိုးထွက်လာတော့ တစ်နေရာမှာရပ်နေတဲ့ အဖေကို သူလှမ်းမြင်လိုက်တယ်။

"အဖေ.. အဖေ ဘာမှမဖြစ်ဘူးနော်" ပါးပေါ်က မျက်ရည်တွေကိုသုတ်ရင်း သူမေးခဲ့တယ်။

သူမျက်ရည်ကျတာကိုတွေ့တော့ အဖေက အားနာဟန်နဲ့ လက်ထဲကလက်ဆောင်တွေကို ကိုင်မြှောက်ပြီး....

"တစ်မနက်လုံး ဈေးထဲပတ်နေတာ.. ဘာလက်ဆောင်ဝယ်ရမလဲ မသိဘူး။ ဒါကို ငါ့မြေးလေး ကြိုက်မယ်ထင်တယ်" လို့မေးတယ်။ အဖေ့လက်ထဲက အထုပ်ကြီးငယ်တွေကိုကြည့်ပြီး သူရယ်မိတယ်။

"အဖေ.. လက်ဆောင်တွေ ဝယ်စရာမလိုဘူးလေ" သူ့ရင်ထဲ နာကျင်နေမိတယ်။ သူ့ရှေ့က ရှက်ရယ်ရယ်နေတဲ့ အဖေကို သူအားရပါးရဖက်ပြီး ငိုချင်ခဲ့မိတယ်။

လမ်းမဘက်ရောက်တော့ နေရောင်ထိုးနေတဲ့ အဖေ့နောက်ကျောကိုကြည့်ပြီး ဘယ်အချိန်ကစပြီး အဖေ့ရဲ့ခါးတွေကုန်းခဲ့မှန်း သူမသိခဲ့ဘူး။ လမ်းပေါ်ကကားတွေ သတိထားစွာ အဖေရှောင်နေခဲ့ပေမယ့် မျက်စိက သူ့ဆီရောက်နေခဲ့တယ်။ ပါးစပ်ကလည်း "သတိထား... ကြည့်စမ်း ကြည့်စမ်း .. လမ်းလျှောက်တာတောင် ကားတွေကို သတိမထားဘူး" လို့ သူ့ကို သတိပေးနေခဲ့တယ်။

"အဖေ... တောကလူတွေ ခွေးမကြောက်သလို မြို့ကလူတွေက ကားမကြောက်ဘူး" လို့ သူပြောတော့ မျက်ထောင့်စွန်းတွေ ကွေးညွှတ်တဲ့အထိ အဖေရယ်တယ်။ အဖေ့မျက်ထောင့်မှာ ကြိုးစသဏ္ဍာန် အရစ်အကြောင်းတွေက စွန်းထင်းလို့....

မြေးကိုတွေ့တော့ အဖေက ကလေးနဲ့တူသွားပြန်တယ်။ မြေးကို ရင်ခွင်ထက်မှာ ထွေးပွေ့ပြီး "ငါ့မြေးလေး.. ငါ့မြေးလေးကို အဘိုးအချစ်ဆုံးပဲ" လို့ဆိုတယ်။ အဖေ့မျက်လုံးအိမ်ထဲက မေတ္တာရည်တွေဟာ အပြင်ကို စီးကျလုလုဖြစ်နေခဲ့တယ်။

မြင်ကွင်းကြောင့် သူတစ်ချက်ငေးကြောင်သွားမိတယ်။ ငယ်ငယ်တုန်းက သူ့ကိုလည်း ရင်ခွင်ထဲဆွဲသွင်းပြီး အဖေပွေ့ဖက်တာကို မြင်ယောင်မိတယ်။ မုတ်ဆိတ်မွေးတွေနဲ့ သူ့မျက်နှာကို အဖေပွတ်သပ်ကျီစယ်ခဲ့တာကို သူသတိရမိတော့ ရင်ထဲနာကျင်လာပြန်တယ်။ အိပ်မက်မကောင်းရင် သူ့ဆီဖုန်းမြန်မြန်ဆက်ဖို့ အမေကို အဖေပြောတတ်တယ်ဆိုတဲ့ အမေ့စကားကိုလည်း သူကြားယောင်လာမိတယ်။

"သမီးအဖေက သမီးကိုသတိရတိုင်း အမေကိုပဲ လွဲချတတ်တယ်" ဆိုတဲ့ အမေစကားကို ကြားယောင်ရင်း မျက်ရည်တွေ ပါးပြင်ပေါ် စီးကျမလာခင် အဖေ့အတွက် ထမင်းပြင်ပေးမယ်ဆိုတဲ့ဆင်ခြေနဲ့ မီးဖိုဘက် သူလှည့်ထွက်လာခဲ့ပြီး အားရပါးရ ငိုချခဲ့မိတယ်။

"အချစ်နဲ့အချစ်ကြား အကွာအဝေးကို အမြဲမမြင်နိုင်ခဲ့ဘူး။ ရုတ်တရက်မြင်နိုင်ခဲ့ရင်လည်း အဲဒီအကွာအဝေးက ဖခင်ရဲ့ချစ်ခြင်းမေတ္တာပဲဖြစ်တယ်။ ဒါမှမဟုတ် ထုတ်ဖော်မပြောတတ်တဲ့ ဂရုစိုက်မှုပဲဖြစ်မယ်" လို့ အဲဒီည နေ့စဉ်မှတ်တမ်းမှာ သူချရေးဖြစ်ခဲ့တယ်။


မူရင်းရေးသားသူ---- Mo Chen Yuan (
墨尘缘) -- 从爱到爱的距离

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


0 comments: on "အချစ်များကြားအကွာအဝေး"

Post a Comment

အမှတ်တရလေး တခုခုရေးခဲ့ဦးနော်