http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

ပိတောက်ပန်း




ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့
ဇမ္ဘောရည်ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ် …။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာပင့်လေအဖြူးတွင်ဖြင့်
တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ် …။
တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င် ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင် မှန်းကာပါ့ သတိစွယ်
ရည်ရွယ်တော့ သလား …။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ …။


ဇော်ဂျီ



အပြည့်အစုံဖတ်ရန်...

မွေးရပ်မြေရဲ့ အကြောင်း

မွေးရပ်မြေရဲ့ အကြောင်း (ကောင်းကင်ကို)

ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ
တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ 
ခင်ဗျားတို
့နားထဲကို သံရည်ပူ လောင်းပါရစေ ။

ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက
ဈေးရောင်း
တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ
သူဌေးလောင်း ဖြစ်နိုင်မယ်။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်ရင်တော့
မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ
ကျွန်ခံဖို့  goကြပေဗျို့ ။
Posted by ယဉ်မင်းပိုင်
အပြည့်အစုံဖတ်ရန်...

ပိတောက်လွမ်းချင်း












ခေါက်ရိုးကျိုးမဲပြာပုဆိုးနဲ့
တစ်စစီကျိုးပဲ့ခဲ့တာတောင်
ကိုယ့်ကိုယ်ကို
မသိယောင်ဆောင်နေခဲ့သေးတယ်...။

အရောတ၀င်မရှိခဲ့ပေမယ့်
ထားခဲ့တဲ့ကတိတစ်ခုလို
ရွှေအိုရောင်နေ့ရက်တွေကို
ကန့်သတ်မဲ့လွမ်းပြနေပုံက
အရိုးပြိုင်းပြိုင်းကိုထလို့...။ ။
အပြည့်အစုံဖတ်ရန်...

ကျနော်ဘ၀ဇာတ်ကြောင်း

တောသားကျနော် မြို့ကြီးပေါ်
သုံးနှစ်ကျော်ကျော်နေခဲ့သည်..။

ဘွတ်ဘက်ရွှတ်ရှက် သင်တန်းတက်
ဖောရိန်းထွက်ဖို့ကြိုးစားသည်..။

ဖောရိန်းရောက်လာ ယောင်ချာချာ
သေချာငေးမောသည်..။

သုံးလအကျော် လေးလသော်
တော်တော်လူရည်လည်လာသည်..။

ဖားရိုက် ငါးကြိုက် ရွှေကိုလိုက်
အမိုက်ဇာတ်တွေခင်းတော့သည်..။

ငါးနှစ်ပြည့်ခါ အိမ်ပြန်လာ
ဗလာနတ္ထိ မရှိပြီ..။

;D ;D ;D

မှတ်ချက်။ ။ဟာသဖောက်၍ကောက်ရေးလိုက်သည်
ရယ်မောနိုင်ကြပါစေ။ ။
အပြည့်အစုံဖတ်ရန်...

ဖယောင်းတိုင်




ကြည့်စမ်း
ရှိစုမဲ့စု
တစ်ခုတည်းသောကျစ်ဆံမြီးလေးကို
ဖြည်းဖြည်းနဲ့မှန်မှန် ကျွမ်းလောင်ခံဖို့အတွက်
မီးတောက်ကိုခေါင်းပေါ်ရွက်ထားတယ်……။

အတ္တတွေစေးထန်းနေတဲ့
တဏှာအမှောင်ခန်းထဲက
ဟန်ဆောင်ကောင်းတဲ့ လောဘသားကောင်တွေအတွက်
ရယူလိုခြင်း တစ်စက်မှမရှိပဲ
ကိုယ့်ကိုယ်ကို အရည်ပျော်ခံပြီး
ဘ၀ကို မတ်တပ်ကြီးပေးဆပ်ထားတာ
ဘာဆိုဘာမှမကျန်တဲ့အထိပဲ….။ ။

ခိုင်မင်း
ရုပ်ရှင်သစ္စာမဂ္ဂဇင်း
အောက်တိုဘာ...၂၀၀၃
အပြည့်အစုံဖတ်ရန်...

ချစ်သူထံသို့ အိတ်ဖွင့်ပေးစာ

(၁)
လွမ်းတယ်ချစ်သူရယ်………
ငါ..နင့်ကိုသိပ်လွမ်းတယ်….
အိပ်မရတဲ့ ညအသင်္ချေတွေမှာ ငါ့အိပ်ယာတွေ တွန့်ကြေ…. ငါငိုနေရပြီ…. ငါ့နှလုံးသားရဲ့ငိုရှိုက်သံက လှိုက်သံတွေနဲ့အက်ကွဲနေတော့…နင်သဲသဲကွဲကွဲကြားနိုင်မယ်မထင်ဘူး….ကြယ်လေးတွေကိုမေးကြည့်ပါ..ငါငိုနေတာသူတို့အသိဆုံးပါ….ငါ့ငိုချင်းမှာ..တင်းမခံနိုင်တဲ့ကြယ်လေးတွေကြွေကျကုန်ပြီ..ချစ်သူ….ကြယ်တွေဘယ်လိုကြွေကြွေ..ဘယ် ကြယ်တွေဘယ်လိုလှလှ..ငါ့ဘ၀ရဲ့လမင်းဟာ..နင်ပါ..လရောင်မဖျန်းလို့မပွင့်လန်းနိုင်တဲ့ကုမုဒြာဟာ…ငါ့နှလုံးသားပါ….
အဲဒီနှလုံးသားဟာ…ခုတော့…..မိုးရေတစ်စက်အတွက် ဖြစ်ညှစ်ပြီးအသက်ဆက်ရတဲ့ မြက်လို အလွမ်းရက်တွေရှည်လွန်းလှချည့်ရဲ့ကွယ်….
အလွမ်းတွေတိုးနေတုန်းမှာ…မင်းရဲ့မေတ္တာမိုးလေးရွာသွန်းပေးပါလားချစ်သူ…..အဲဒီမိုးဟာ..ပေါက္ခရ၀ဿမိုးလိုတစ်ကိုယ်
စာဆိုရုံလေးဆိုငါကျေနပ်ပါတယ် ချစ်သူရယ်…..
(၂)
အတိတ်မမေ့တတ်သေးဘူးဆိုရင်..အရိပ်လေးလောက်တော့ ပြေးမြင်ကြည့်စမ်းပါ…..တို့လျှောက်ခဲ့တဲ့ လမ်းတွေထက်က..တို့ကောက်ခဲ့တဲ့ပန်း(ခရေ)တွေနွမ်းခြောက်သွားပေမယ့်ရနံ့မပြယ်သေးပါဘူးချစ်သူ….မေ့နေပြီလားချစ်သူ…… “ချစ်တယ်ဆိုတာမုန်းဖို့မဟုတ်ဘူး..” ဆိုတဲ့..မင်းရဲ့စကားပြန်ပြန်ကြားတိုင်း..မြစ်ကိုအလျားလိုက်ဖြတ်ကူးရသလိုပဲ…မျှော်လင့်ချက်ကမ်းကဝေးလွန်းလှတယ်ကွာ….
ပြန်တွေးကြည့်ပါဉီး….ဟိုး…..နှောင်းတစ်ချက်က..ဆောင်းမနက်ခင်းတွေမှာ..
တိတ်တိတ်လေးခိုးတွေ့လို့..ရင်ချင်းအပ်ပြီး..အနွေးဓါတ်တွေ ဖလှယ်ခဲ့ကြတာတွေ
တစ်ယောက်ရေမှာတစ်ယေက်အေးပြီး တစ်ယောက်မီးမှာတစ်ယောက်လောင်ခဲ့ကြတာတွေ
တစ်နေ့မတွေ့ရတာနဲ့ တမြည့်မြည့်ဆွေးရလို့ ကဗျာတွေ စာတွေကတစ်ဆင့် ရင်ဖွင့်ခဲ့ကြတာတွေ
………… တွေ
………..တွေ
………တွေ

ဆက်လက်ဖော်ပြပါမည်
အပြည့်အစုံဖတ်ရန်...

လွမ်းလို့ သေသွားတဲ့ သစ်ပင်

ကိုယ့်ဘာသာကို မိုးလင်းရ
ကိုယ့်ဘာသာကိုယ် မိုးချုပ်ရနဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။

မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။

ကြာ...လိုက်...တာ... ...
အလင်းတွေ အသက်ရှူနေလိုက်ပုံက
(ဒါနဲ့ပဲ...) သူမရဲ့ အပြုံးကို မြင်ရဖို့
နောက်ကျခဲ့ပြန်ရော...။

ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့
မင်းရဲ့ အမည်နာမကို
တမ်းတမ်းတတ ရေရွတ်တယ်...။

ဖွတ်ထွက်တာတောင်မှ
တောင်ပို့မှန်း မသိခဲ့ပါဘူး
ဘ၀ကူး မကောင်းနိုင်တဲ့အထိတောင်...
အသိဥာဏ်တွေ မှောင်ခဲ့။

(အဲဒီကောင်ဟာ...အသေအချာမှောင်ခဲ့
အချစ်တွေ မဲ့ပြီဆိုရင်
သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင်)

နောက်သလို ပြောင်သလိုနဲ့
ငါ့ကို လာချစ်သွားတဲ့ ကောင်မလေးရေ...
“အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ...” တဲ့
လွမ်းလို့သေသွားတဲ့သစ်ပင်က
အရွက်ကို ခြွေချပြီး ပြောတယ်...။

မင်းခိုက်စိုးစန်
အပြည့်အစုံဖတ်ရန်...

စိုမှာစိုးလို့ မိုးမိတယ်

ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့. . .
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့.... “ရွာသူ”ရေ
ရင်ခုန်သံတွေကို “ခေါစာပစ်” လိုက်တယ်......
သခင်မ.....
ပျော်ပါ...၊ ပါးပါ...၊ စားပါ...၊ သောက်ပါ...
မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကိုလည်း အပြစ်က လွှတ်တော်မှုပါ....။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မှုပါ....။
“တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး” ဆိုတဲ့
ဟောဒီက ငပျင်း.....အတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မှုပါ....။

မင်းခိုက်စိုးစန
အပြည့်အစုံဖတ်ရန်...

ခွဲခွာချိန်

နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်...
အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး...

သစ်ပင်တွေ သွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို..
အချစ်ရေ... တို့စိတ်နဲ့ တို့ကိုယ်ပဲ
သစ်ရွက်တွေလိုပဲ အတူ ကြွေပစ်လိုက်ကြမယ်
“ဘာ...ဖြစ်...လို့...ခွဲ...ရ...မှာ...လဲ...ကွယ်”

မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်
ဘ၀ကို... ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ်...
အခုတော့...

နွေရာသီ ရောက်လာတာကိုက စောလွန်း
(မင်း...သွားမယ်ဆိုလည်း)
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ ကောင်းတယ်။

မင်းခိုက်စိုးစန်
အပြည့်အစုံဖတ်ရန်...

ကျိန်ဆဲလိမ့် မယ်

(၁)
သံယောဇဉ် အပူတွေနဲ့
(ငါ့ကို) နောက်သလို ပြောင်သလို
လာမလောင်ကျွမ်းပါနဲ့ကွယ်...။

အငွေ့ပျံပျောက်ကွယ်သွားမှာ
ငါ့ကိုယ်ငါ မစိုးရိမ်ပါဘူး ကောင်မလေးရဲ့
ကောင်းကင်မှာ ငွေ့ရည်ဖွဲ့ပြီး
မိုးအဖြစ်နဲ့ ပြန်ရွာချတဲ့အခါ....
ငါ့ကြောင့်
မင်းတစ်ကိုယ်လုံး စိုစွတ်မှာကိုပဲ စိုးတယ်။

(၂)
အိပ်မက်ဆိုတာ
ကိုယ့်စိတ်ကူးတွေက ကိုယ့်ကို ပြန်ပြောပြတဲ့ ပုံပြင်ပေါ့၊

ကောင်မလေးရေ....
မင်းရဲ့ လက်သည်းခွံတွေကို အရောင်ခြယ်ဖို့အတွက်
ငါဟာ ဆိုးဆေးတစ်ပုလင်း မဟုတ်ခဲ့ပါဘူး
(ငါ့ကို...)
ဆိုးလွယ်ဖျက်လွယ် သဘောမထားပါနဲ့
ငါ့အိပ်မက်တွေက မင်းကို ကျိန်ဆဲကြလိမ့်မယ်

မင်းခိုက်စိုးစန်
အပြည့်အစုံဖတ်ရန်...

သက်ဆိုင်သူရေ

ဘ၀ကိုတစ်ဆစ်ချိုးခဲ့ပေမယ့်
ရေတံခွန်လို ဇောက်ထိုးမဆင်းချင်ဘူး…။

အလွမ်းတွေနဲ့စီးဆင်းခဲ့တာတောင်
လှောင်ပြောင်ပြီးရယ်ပွဲဖွဲ့ချင်ကြသေး…။

မတည်ငြိမ်တာမဟုတ်ရပါဘူး
ခရီးဆက်နေရသူမို့ပါ…။

ကဲ့ရဲ့ခြင်းလေပြင်းတွေ
မြူဆွယ်ခြင်းကမ်းတုတွေကို
ဘယ်တုန်းကမှမမှုခဲ့ဘူး…။

ဒါပေမယ့်လေ
ထောင်ထားတာမဟုတ်တဲ့
သူ့အပြုံးကွန်ယက်ကိုမှ
အမှတ်မရှိတဲ့နှလုံးသားက
ကမ်းအမှတ်နဲ့ခိုဝင်
ကြင်နာမှုတွေခံယူချင်သေးသတဲ့..။

အပြုံးရှင်ရေ
ဘ၀ကိုတစ်ဆစ်ချိုးခဲ့ပေမယ့်
ရေတံခွန်လို ဇောက်ထိုးမဆင်းချင်ဘူး…။
အပြည့်အစုံဖတ်ရန်...

ကြယ်ခတ်သံ

လက်ထပ်တယ်ဆိုတာ
ကြယ်တွေချင်း ထိခတ်သလို
"အလင်း"တွေ အမြတ်ထွက်မယ်။
ပြီးတော့.......
ကြောက်မက်ဖွယ် ပွတ်တိုက်သံတွေလည်းရှိမယ်။ သဘောထားမတိုက်ဆိုင်တဲ့
လမ်းခွဲခြင်းအချိုးအကွေ့တွေမှာ
နှုတ်ခမ်းချင်းတိုးဝှေ့ဖူးတာတွေကို ပြန်သတိရလိုက်ပါ။
အိမ်ထောင်ရေးဟာ
မြင်းကိုသံခွာရိုက် ပေးသလိုမျိုး
အချစ်ကို သံခွာရိုက်ပေးရတာပေါ့
လမ်းကြမ်းတဲ့တာဝေးခရီးမှာ
နှလုံးသားခွာအစုံ စိတ်အမောလုံဘို့လိုတယ်။

မင်းခိုက်စိုးစန်
အပြည့်အစုံဖတ်ရန်...

တစ်ဘက်သတ်




ကြယ်ကြွေတာလှတယ်ဆိုပေမယ့်
ကြွေသွားတဲ့ကြယ်အတွက်
ဘ၀ပျက်ခဲ့ရတာပါ....။

ဒါကိုပဲ
သစ်စိမ်းချိုးဆန်ချင်သူတွေက
အာမေဋိတ်သံဖွဖွရေရွတ်
တတွတ်တွတ်ဆုတောင်းနေလိုက်ပုံများ
သူတို့နှလုံးသားတွေကတောင်ရှက်နေပြီ....။ ။
အပြည့်အစုံဖတ်ရန်...

အမေ့ထံသို့အိတ်ဖွင့်ပေးစာ

အတ္တတွေမဟုတ်ပါဘူးအမေ
ဆန္ဒနဲ့မာနတွေ
တောင်လိုပုံလာလို့
ကိုယ်ယုံကြည်ရာကို ဈေးကွက်တင်ရောင်းဘို့အတွက်
ဈေးကွက်အရှာထွက်ခဲ့ရသူပါ...။

မွဲဆေးစားပြီးမွဲအားကြီးမယ့်ကောင်ရယ်လို့
နာကြည်းခြင်းမျက်ရည်တွေ
ဥပေက္ခာလက်နက်တွေနဲ့
ရက်ရက်စက်စက်ပစ်ရက်ရင်လည်း
မိုက်တွင်းနက်နက်ထဲက သားအတွက်
သန်းခေါင်ထက်ညဥ့်မနက်တော့ပါဘူး အမေ...။

ဘုံဘ၀သဏ္ဍာန်က
ဂုဏ်ပကာသန ဆန်နေတော့
ကာရံလေးတွေပဲရှာတတ်တဲ့ ဟောဒီသားက
လမ်းမမှားပေမယ့်
မျက်စိလည်ရပါပြီ အမေ....။

ရှိစေတော့အမေရေ
အိတ်အခါခါပြားနေပေမယ့်
သိက္ခာတရားကိုတော့ ရောင်းမစားတတ်ဘူးလေ
အမေရယ်....နော်....။

သဏ္ဍာန်သရုပ်နဲ့
ဟန်လုပ်ကျွေးကြတဲ့ဟင်းပွဲတစ်ရာက
သားအတွက်တော့
အမေချက်တဲ့
ဆီဗလာရေသက်သက်နဲ့
ချဉ်ပေါင်ဟင်းတစ်ခွက်လောက်မှ
လျှာရင်းမမျက်ဘူးအမေ...။

ဒါပေမယ့်
ကောက်ကြောင်းမဲ့ အတ္တတွေထဲကနေ
(အမေ့ရင်ခွင်ဆီကို)
နောက်ကြောင်းလှည့် ပြန်လာဘို့
လာရာလမ်းကခြေရာတွေ
ပြန်မကောက်နိုင်သေးတာ
သားကိုခွင့်လွှတ်ပါ အမေ...။ ။
အပြည့်အစုံဖတ်ရန်...

ပုံရိပ်မဲ့အလွမ်း

ဝမ်းစာကိုရှာ
ရင်ခွင်ဗလာနဲ့လွမ်းလို့......။

တမ်းတတိုင်း မျက်ရည်ကျရရင်
ဒီကမ္ဘာမြေတခွင်
ရေပြင်ဖြစ်ရချည့်ရဲ့...။ ။
အပြည့်အစုံဖတ်ရန်...

သားချစ်

သားချစ်
မင်းကြိမ်လုံးယူလာ
ဒီမှာ ဒူးထောက်မတ်တပ်ရပ်စမ်း
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့အမျိုးတွေပြောတယ်
မဟုတ်ဘူး
ငါဒီလိုမလုပ်နိုင်ဘူး
လူဆိုတာ
ရတနာပဲ
ဒုလ္လဘတရားနဲ့လူဖြစ်လာတဲ့ သားချစ်ဟာ
ငါ့အတွက် ရတနာပဲ
ကျောပိုးအိတ်ထဲ
ခါးကျိုးအောင် စာအုပ်တွေ အပြည့်အသိပ်ထည့်
ခေါင်းငိုက်စိုက်ချ စာချည်းပဲ ကျက်မနေနဲ့
ကွန်ပျူတာတစ်ဂျောက်ဂျောက် ကြိုက်သလောက်
နှိပ်လိုက်စမ်း
ပြတင်းပေါက်မှန်ကွဲအောင် ဘောလုံးကန်ချင်
ကန်လိုက်စမ်း
ကလေးဘ၀ရဲ့စိမ်းလန်းခြင်းများ
ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်မောင်းသမား ဖမ်းသလို
ငါလက်လှမ်းတားမှာ မဟုတ်ဘူး
မင်းကြီးလာရင်
ဆရာဝန်ကြီးလုပ်မှာလား
စစ်ဗိုလ်ကြီး လုပ်မှာလား
တစ်ဘ၀တာ ကြိုက်သလောက်စံပြီး
သံသရာမှာ ကျသလောက်ခံမယ့်လူ
မဖြစ်စေချင်ဘူး
မင်းအစ်ကိုကြီးက
ချစ်လို့ပါပြောပြီး
ကံမကောင်းတဲ့ ရွှေငါးလေးတွေ လှောင်ကန်ထဲထည့်ထားတာ
မင်းမြင်တယ်မဟုတ်လား
ရွှေငါးလေးတွေ ဒုက္ခစာနာတတ်ဖို့
မင်းစာများများ ဖတ်စေချင်တယ်
ကမ္ဘာ့မြေပုံကြီး ရှေ့ချပြီး
တူအောင် အဆွဲကျင့်နေတာနဲ့
မင်းနဲ့ ကမ္ဘာကြီး
နီးလာမှာ မဟုတ်ဘူး
အဲဒီမြေပုံပေါ်မှာနေတဲ့ လူတွေကို ချစ်တတ်အောင်
မင်းစာများများ ဖတ်စေချင်တယ်
ဘ၀မှာ
ဘာမှမလုပ်တတ်ချင်နေ
ဘာမှမယုတ်ပတ်စေချင်ဘူး
ဂတ်စ်ထည့်တဲ့အနား မင်းသွားရင်
ဂတ်စ်နံ့တော့ ရှုရမှာပဲ
လိုအပ်တဲ့အခါ
ဂတ်စ်နံ့စွဲအောင် မီးခြစ်လည်း ခြစ်ရဲရမှာပေါ့
မင်းတစ်နေ့ကြီးပြင်းလာမှာ
အသက်ကြီးတဲ့အခါ အချိန်စီးပါစေကွာ
ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်
မင်းလက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူ မလုပ်လိုက်နဲ့။ ။

ခိုင်မြဲကျော်စွာ
အပြည့်အစုံဖတ်ရန်...

အဖိုးကြီးစစ်တမ်း

အဖိုးကြီး စစ်တမ်း

အသက်ကလေးထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်
ချက် အောက် စကားတွေ တပြောပြောနဲ့
တသောသောနေ
အမောဖြေတတ်တဲ့ အဖိုးကြီး။
သေရိပ်နီးခါမှ
စိပ်ပုတီး နာနာကိုင်
မဟာမြိုင် တောရမှီးပေမဲ့
ဒေါသကလဲ ကြီးတတ်သေးရဲ့
လောဘမီးကလဲ အရှိန်ဟပ်
အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။
ရွာလယ်မှာ စွာကျယ် စွာကျယ်နဲ့
ငါဟယ် မင်းဟယ်
ငြင်းမယ် လို့ မကြံနဲ့
မင်းတို့က မမှန်
ငါသာလျှင် အမှန် လို့၊ ငါ မာန်တွေ တက်
ငါ အရိုးမျက်နေတ့၊ဲ လက်တို အခက်ပို အမျက်သို နေတဲ့ အဖိုးကြီး။
ဒီလို အဖိုးကြီးမျိုးတော့ ဆောရီး..ဆောရီး
မဖြစ်ချင်ပေါင်။
ကြွေခါနီးတဲ့ သစ်သီးလို
အသက်ကြီးတော့လဲ အဖိုးကြီး ဖြစ်မှာပေါ့လေ..
ဒါပေမဲ့ ရိုးရိုးကုပ်ကုပ်
ပုဆိုးစုတ်ကလေးန့ပဲဖြစ်ဖြစ်
ကိုယ့်အလုပ် ကိုယ်ဆင်း၊ ကိုယ့်ယာခင်း ကိုယ်စိုက်
လျှာအလိုမလိုက်၊ ဘာကိုမှ မကြိုက်
ပျော်ပိုက်ရာ တော်ထိုက်ရာနေ
စာပေလဲ မပြတ်၊ ကဗျာတွေလဲ ဖတ်
ရပ်သူ ရွာသားတွေနဲ့
ထပ်တူမခြား နေတတ်တဲ့
ဇရပ်ငုံးတို တာတမံ ခရိုး အနီးက
မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးပဲ ဖြစ်ချင်တယ်။
တင်မိုး
၁၄၊၉၊၂၀၀၃
အပြည့်အစုံဖတ်ရန်...

ကဖီးဆိုင်

* Posted by ဘုန်းမြင့်ငြိမ်း


ရောင်နီလာတိုင်း
ငါ့ကိုနှိုးတော့
အရုဏ်ဦးဆိုတာလည်း
ရိုးအီလှပေါ့။

အလင်းနဲ.အတူ
ရောင်စုံလူများ
ငါ့ရင်ခွင်ထဲ
ဝင်ထွက်လွတ်လပ်။

တချို.က...ရှင်သန်ခြင်း
တချို.က...အမောပြေ
တချို.က...သူငယ်ချင်းများစွာ
တချို.က...ငယ်ချစ်ဦး
အားလုံးအတွက် ငါက
အဖြည့်ခံ။

နေ.တစ်နေ.ချင်းစီရဲ.
မွေးဖွားခြင်းနဲ.သေဆုံးခြင်းတွေ
စောင့်ကြည့်ရင်း
ငါလည်း တရားကျချင်နေပါပြီ။

အမြုတေ ကဗျာပန်းခင်းမှာ ဖော်ပြခံရတဲ့ ကဗျာတစ်ပုဒ်ပါ။
အပြည့်အစုံဖတ်ရန်...

မိသားစု

မိသားစု


မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။


စိုင်းဝင်းမြင့်
နားနားပြီးပြော
အပြည့်အစုံဖတ်ရန်...

ကျွန် {သို့မဟုတ်} မြန်မာအလုပ်သမားများ

ကျွန် {သို့မဟုတ်} မြန်မာအလုပ်သမားများ

ရှေးရှေးတုန်းကတော့
နယ်ချဲ့တွေကကျွန်ပြုဖို့ ကျွန်တော်တို့ဆီကိုလာတယ် ။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ကျွန်တော်တို့ကိုယ်တိုင်ခရီးထွက်ရတယ် ။


လူဖြစ်ပေမဲ့.......
ရွေးချယ်ပိုင်ခွင့်ကမရှိဘူး အမေရယ် ။
ကျွန်တော့်အဖြစ်က
အိပ်မက်ထဲကကမ္ဘာကို
ကျွန်ရွာမှသွားရှာမိတဲ့အဖြစ် ။
သေရင်မြေကြီးဆိုတာကတော့မှန်ပါတယ်
ရှင်ရင်တော့
မစို့မပို့ငွေလေးက ကျွန်တ်ေတို့အတွက်
ရွှေထီးပေါ့ ။

တစ်ရွာပြောင်းပေမဲ့
သူကောင်းတော့မဖြစ်ခဲ့ပါဘူး ။
ကျွန်ပဲဖြစ်ခဲ့ရတယ်အမေ.........

ကြောက်ရင်လွဲ
ရဲရင်မင်းဖြစ်သတဲ့ ။
ကျွန်တော်လေ
မေနဲ့မိသားစုအတွက်
ရဲခဲ့ပါတယ်
ခု........ကျွန်ပဲဖြစ်နေသေးတယ် အမေ ။
ကျွန်တော်ရဲ့ရဲရင့်မှု့တွေကပဲ လွဲနေလို့လား ။
ကို့အခွင့်အရေးကိုသိဖို့နေနေသာသာ
တစ်ချို့သူငယ်ချင်းတွေဆို
ကိုယ့်အသက်ကိုယ်ဘယ်လောက်ရှိမှန်းတောင်မသိကြဘူး ။

အမေ...............
အမေပြောတော့ အလုပ်လုပ်ရင်ကြီးပွားမယ်ဆို ။
အလုပ်လုပ်လေ
ပိုပိုပြီးခိုင်းလေ
ကျွန်ဖြစ်လေလေပဲ........အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့အသိ
သူတို့မှာ မရှိဘူး အမေရဲ့
သွေးစုတ်ဖို့ပဲသူတို့သိတယ် ။

အမေရယ်........
ကျွန်တော်လဲအစကတော့
ချစ်သူရဲ့မျက်နှာသုတ်ပဝါဖြစ်ဖို့
မှန်းပြီးထွက်ခဲ့တာပေါ့ ။
ခုဖြစ်လာတာက
အားလုံးရဲ့ခြေသုတ်ပဆိုး
မရှိသေးတဲ့အစွယ်တောင်ကြိုးခဲ့ပြီ ။

ခုတော့................
ကျွန်တော့်အသဲနှလုံးကလည်း
ကျွန်အချင်းချင်းတောင်မှ
ပြန်မစုတ်ချင်တဲ့ သရက်စေ့တစ်စေ့ပေါ့ ။

ကိုယ့်ကိုယ်ကို ကျွန်လို့သုံးလို့
မငိုလိုက်ပါနဲ့ အမေရယ်
သူတို့ဒေါသလေးတစ်ချက်ထွက်ရုံနဲ့
ရာဘာခင်းထဲ ရက်ရက်စက်စက်
အသက်ခံနိုင်ရတယ်ဆိုတာတော့
ကျွန်တော်တို့အသက်တစ်ချောင်းက
ရာဘာတစ်ပင်လောက်တောင်မှ
တန်ဖိုးမရှိဘူး........အမေ ။
သူတို့အချစ်တော် ခွေးတစ်ကောင်လောက်
တန်ဖိုးမရှိဘူး..........အမေ ။

ဒါကို........ကိုယ့်ကိုယ်ကို"သခင်"လို့
မျက်လုံးစုံမှိတ်ပြီး ကြွေးကြော် နေရမှာလား ။
အနာရှိတာကိုလက်ခံမှ
ဆေးထည့်လို့ရမှာ........ အမေ ။

လူတွေကပြောတော့
မြန်မာအချင်းချင်း ရိုင်းပင်းကြတယ်ဆို၊
ကောင်းတဲ့သူတွေရှိသလို.........
တစ်ချို့ဆို တော်တော်ကိုဆိုးတယ.် ......အမေ ။

ကျွန်တော်တို့......
ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲကပဲ
ပွဲစားအချင်းချင်းရောင်းစားနေကြတာ........အမေ ။

တိုင်းပြည်မီးလောင်လို့
အချင်းချင်း ချနင်းရက်တာလား?
ဘာပဲဖြစ်ဖြစ်.......
သူတို့လူစိတ်မရှိတာကတော့
သေခြာပါတယ်.........အမေ ။

ရွှေဆိုတဲ့စကားလုံးက
အကုန်လုံးနဲ့တော့မတန်ပါဘူး ၊
သူတို့ကို.........
ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်......အမေ ။

ဟိုတစ်လောက.........
စာအုပ်ထဲမှာ ကျွန်တော်ဖက်လိုက်ရတယ်
လင်ကွန်း{အမေရိကန်သမ္မတ}ဆိုတဲ့သူက
ကျွန်စနစ်ပပျောက်အောင်
သူလုတ်ဆောင်ပေးခဲ့သတဲ့ ၊
ဘယ်မှာဟုတ်လို့လဲ.........အမေရယ် ။
သားတို့ကိုလာကြည့်စမ်းပါ
သူလုတ်နိုင်ခဲ့တာ
သူ့နိုင်ငံကွက်ကွက်လေးပဲ၊
သူ့ကိုလေးစားပေမဲ့
သူဟာ{လင်ကွန်း}
သမိုင်းတင်နိုင်လောက်အောင်
မစွမ်းဆောင်နိုင်သေးပါဘူး..........အမေရယ် ။

အမေ........
လူ့အဖြစ်ကရခဲတယ်ဆို ၊
ရခဲတာပဲကောင်းပါတယ် အမေ
ကျွန်တော်လူမဖြစ်ချင်တော့ဘူး ။
ကွန်တော်ငှက်ကလေးတွေငေးကြည့်မိတယ်၊
ငှက်အချင်းချင်း..........
အမျိုးအနွယ်မတူလို့
မကူညီနိုင်သော်မှ
မရက်စက်ကြပါဘူး...........အမေ ။

ငှက်ကလေးတွေမှာ........
ပြည်တွင်းစစ်မရှိဘူး ၊
ငှက်ကလေးတွေမှာ........
ဘာသာရေးအဓိကရုန်း မရှိဘူး ၊
ငှက်ကလေးတွေမှာ........
စီးပွားရေးနယ်ချဲ့တာမရှိဘူး ၊
ငှက်ကလေးတွေမှာ........
ကိုယ့်အသိုက်အမြုံကို ဗိုကြပြီး
အတင်းရွေ့ခိုင်းတာမရှိဘူး ၊
ငှက်ကလေးတွေမှာ........
ကံဆိုးမိုးမှောင်ကျပြီး
လှောင်အိမ်ထဲမှာနေရရင်တောင်
သူတို့သခင်က
သူတို့ကို အချစ်နဲ့လှောင်ထားတာ ။
ကျွန်တော်တို့ကတော့..........
အမုန်နဲ့လှောင်ထားခြင်း ခံရတယ်.........အမေရယ် ။

ကမ္ဘာ့ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ငိုသံတွေဘယ်လောက်ကျယ်ကျယ်
ဘယ်သူသေသေ၊ငတေမာပြီးရော
အမျိုးသားအကျိုး စီးပွားဆိုတဲ့
စကားလုံးများအောက်မှာ
နားပေါက်တွေပိတ်နေကြတယ်ထင်ပါရဲ့။

လူ့အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့နှုတ်ခမ်းမှာ မပွင့်ဘူး..........အမေ ။

ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
ပျောက်မသွားသေးပါဘူး...........အမေရယ် ။

ဘဝတူကျွန်များအားလုံး သို့{သူရိယသတင်းဂျာနယ်}
အပြည့်အစုံဖတ်ရန်...