http://www.myanmarnursesinsingapore.org မှ စင်္ကာပူရောက် မြန်မာသူနာပြုများအားလုံးကို နွေးထွေးစွာကြိုဆိုနေပါတယ်... စင်္ကာပူရောက် မြန်မာသူနာပြုများဘလော့ဂ်သည် သူနာပြုများအချင်းချင်း တွေ့ဆုံခွင့်၊ အသိပညာများနှီးနှောဖလှယ်ခွင့်၊ သတင်းအချက်အလက်များဝေငှခွင့်၊ နယ်ခြားမြေခြားတွင် တစ်ယောက်နှင့်တစ်ယောက်အခက်အခဲရှိပါက ကူညီခွင့် ရကြစေရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်၊ POST များတင်ချင်ပါက myanmarnurses.sg@gmail.com / saikyawthumyo@gmail.com သို့ဆက်သွယ်ပါ၊ လာရောက် လည်ပတ်ကြသော စင်္ကာပူရောက် မြန်မာသူနာပြုများနှင့် တခြားသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်နားလည်းပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

ကျနော်လူဝင်စား

၁၉၇၈ ခုနှစ်ရဲ့ နှစ်လည်ခန့်
မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ မြို့နယ်တစ်ခုရဲ့ တောရွာလေးတစ်ရွာမှာ ဦးငွေမောင်း ဒေါ်ရွှေ တို့ရဲ့ရင်နှစ်သည်းခြာသားရတနာကိုဖွားမြင်တဲ့နေ့….။

သားလေးက ၀၀ကစ်ကစ် ချစ်စဖွယ်…။
မိဘနှစ်ပါးစလုံး ပျော်မဆုံး….. ဒေါ်ရွှေ မှာသူအသက်နှင့်မလဲခဲ့ရသော်လည်း လဲခဲ့ရရင်တောင်သေပျော်တယ်ဆိုပဲ..။ အော်..မိဘမေတ္တာကြီးမားပုံများ…။
စတုတ္ထမြောက် သားရတနာ…။အကြီးတွေကသမီးတွေချည်း…ဆိုတော့.. ဖခင်ဖြစ်သူ ဦးငွေမောင်းမှာ သားအတွက် ရင်တမော့မော နှင့် ဂုဏ်ယူမဆုံး…။

သားလေး စကားပြောတတ်စအရွယ်…။
ဖေဖေ မေမေ စသည်သင်ပေးရှာပါရဲ့…။
သားလေးကခေါ်တော့ ငွေမောင်း…မိရွှေ
ဘယ်လိုသင်သင် သင်မရ….ငွေမောင် မိရွှေကိုပါးစပ်ထဲကမချ

တနေ့သောအခါပေါ့
ရွာထဲကပါပဲ
နှစ်အိမ်ကျော်ခန့်ကအဖွားရွှေသ သားသတင်းကြားလို့လာကြည့်လေရဲ့..တောင်ဝှေးတစ်ချောင်းနဲ့…။
ဖွားရွှေသကိုမြင်လေတော့ သားလေးက “ ဟဲ့ရွှေသ..လာလေ..ထိုင်..ရေနွေးကြမ်းသောက်… နင်မိရွှေကို ငရုပ်သီးပေးမယ်ဆိုတာ ခုထိမပေးရသေးဘူး..သွားပြန်ယူဦး..”
သားလေးပြောတော့ ဖွားရွှေသ……
၈၂ နှစ်ရှိပြီဖြစ်တဲ့ဖွားရွှေသလေ…ကြည်ကြည်ဌေး မဟုတ်ပါပဲ
တာကျိုးတဲ့ကန်ပမာ သူ့မျက်ဝန်းက ရေတွေသွန်ကျပုံများ… ဘေးနားကလူတွေပါကူးစက်လေရဲ့…။

အော်…..ခုမှ…ဦးငွေမောင်း ဒေါ်ရွှေတို့ သဘောပေါက်ကြလေတယ်
သားလေးက ဖွားရွှေသရဲ့ ခင်ပွန်း ဦးစိန်ဩော် လူဝင်စားပေကိုး…။

ဒီလိုနဲ့
စကားတွေ တီတီတာတာပြောတတ်စ
ဖွားရွှေသကလည်း လက်ပေါ်ကမချ
ဖွားရွှေသရဲ့သမီးတွေကလည်းလက်ပေါ်ကမချ…။
ချစ်လိုက်ကြတာ…။ ချစ် ချစ် ချစ် နဲ့…။ လိုသမျှ ဘာမှမပူရ သားလေးအတွက်…။
သမီးကြီးက ကစားစရာဆို သမီငယ်ကစားစရာ..။ ပြည့်စုံသူများပေကိုး..။
ပြောလိုက်တဲ့အကြောင်းတွေက သူနဲ့ဘာမှမဆိုင်တဲ့အကြောင်းတွေ..ဒါပေသိ အကုန်ကွက်တိ။
“ဆီဆုံ ( နှမ်း မြေပဲ များကို ဆီဖြစ်အောင်ထည့်ကြိတ်သည့်ဆုံ) အောက်ကိုမြေကြီးတူး…မြေကြီးတူး” ဟု
ပူဆာ၍ တူးလေလျှင် အိုးပုတ်ငယ်နှင့် ငွေင်္ဒါးပြားများက အပြည့်…။
အဲဒီအိမ်(ဖွားရွှေသအိမ်)မှာ ဇွန်းဘယ်၍ ဘယ်မျှရှိတယ်… ရွှေကဲ့သို့သောအတွင်းပစ္စည်းဘယ်၍ဘယ်မျှရှိသည်..သူအကုန်သိ..။
ထူးပေစွ ကလေးရယ်…။

ဖွားရွှေသမှာက သမီးနှစ်ယောက်ရှိလေတော့…သမီးအကြီးက အိမ်ထောင်ကွဲ..။
သမီးအငယ်က အိမ်ထောင်နဲ့ပေမယ့် ဖွားရွှေသနဲ့ပဲအတူနေတာလေ…။
ဖွားရွှေသအိမ်က သားလေးအိမ်နဲ့မလှမ်းမကမ်း..။

မလွန်ဆန်နိုင်သော သင်္ခါရတရားရဲ့ သဘောအရ…တစ်နေ့တော့ ဖွားရွှေသ ဦးစိန်ဩော်နောက်ကောက်ကောက်ပါအောင်လိုက်ခဲ့လေပြီ…။

ဖွားရွှေသ မရှိလေတော့ သမီးနှစ်ယောက်က ကျန်ခဲ့တာတွေ ခွဲဝေစိတ်ခြမ်းဘို့ အချိန်ကျလာလေပြီ..။
ရှေ့မှီနောက်မှီလူကြီးများ…။ သူကြီး ( ထိုခေတ်က သူကြီးခေတ်) နှင့်ကျေးရွာလူကြီးများရှေ့တွင် လည်ယာ..ချောင်းမြောင်း..ကျွဲနွား..အတွင်းကစ္စည်း အိုးခွက်ပန်းကန် ကအစ သမီးနှစ်ယောက်က ဝေပုံကျ ညီတူညီမျှ…။ ညီညီမျှမျှ သဘောတွေကျလို့ အပြစ်မမြင်ရက် ချစ်ခင်လျှက်…

နေ့တစ်နေ့
မိုးတွေရွာနေတယ်
သဲသဲမဲမဲရွာနေတယ်
မိုးချိန်းသံက ရံဖန်ရံခါမှပေါ်လာတတ်ပေမယ့်…ကြားရတဲ့အချိန်မှာကြောက်ခမန်းလိလိ..။



အဲဒီအချိန်..
သားလေးက ဘ၀ဟောင်းက သမီးကြီးရဲ့အိမ်မှာ…။
သားလေးကြောက်ပြီးငိုနေတယ်…။
ဘာလိုငိုနေတာလဲမေးတော့
သားလေးက “ ငါ..လေ…မိုက်လိုက်တာ…ဒီလိုမိုးတွေသဲနေတာတောင်…ထန်းပင်ပေါ်တက်ပြီး
ထန်းရည်တက်ယူတာ..ခြေချော်ပြီးဘာဖြစ်သွားမှန်းမသိဘူး…..အီးဟီးး”
သားလေးငိုလေတော့ ၀ိုင်းချော့ကြတာပေါ့
ဒီလိုနဲ့
သားလေးကိုဟိုမေးဒီမေးနဲ့ ( တိုတိုပြောရရင်)
အတွင်းကစ္စည်းတွေအကြောင်းရောက်ပါလေရော
ဒီတော့မှ
အတွင်းကစ္စည်း ( ရွှေ ငွေ ကြောက်သံပတ္တမြား)တွေက တကယ်ရှိနေတာထက် အမွေခွဲတုန်းက နည်းနေမှန်းသိတော့
သမီးကြီးက မကျေမနပ်ဖြစ်ပြီး သမီးငယ်နဲ့ တစ်စခန်းထကြပါလေရော
နောက်ဆုံး မနေသာတဲ့အဆုံး သမီးငယ်က တင့်သင့်သလောက်ခွဲဝေပေးလိုက်ရာကစလို့
သားလေးကို ဆေးဖော်ကြောဖက်မလုပ်ကြတော့ပါဘူး
အော်…လောဘ လောဘ

ဦးငွေမောင်း ဒေါ်ရွှေတို့ကလည်းသားလေးကို ရှိသမျှနဲ့ စိတ်ချမ်းသာအောင်ထားခဲ့ကြပါတယ်
မချမ်းသာပေမယ့် သားလေးအတွက် စားစရာ ကစားစရာ အစစအရာရာ တတ်နိုင်သမျှဖြည့်စည်းပေးလို့…။

ကျောင်းနေဘို့အရွယ်ရောက်လာတော့ ဆရာတွေသင်ပြလို့ ဖေဖေမေမေ ခေါ်ရာကစ
တစ်စတစ်စ
………
……………….
…………………….
ဒီလိုနဲ့
အရွယ်ရောက်လာတဲ့တိုင်…မိုးချိန်းသံကြားရင် ကြောက်စမြဲ… အမေဖြစ်သူဒေါ်ရွှေက သားလေးအိမ်မှာကျန်ခဲ့ရင်
ရွာထဲကနေအိမ်ကိုရောက်ရာအရပ်က အမြန်ပြန်စမြဲ

ဒီလိုနဲ့
သားလေးအရွယ်ရောက်လို့
အင်တာနက်သုံးတတ်လာတဲ့အခါ
အပြည့်အစုံဖတ်ရန်...

ပြည့် ဝအိုး

တစ်ခါက မြင်းစီးထားတဲ့ လူတစ်ယောက်ဟာ စစ်သားတွေ မနိုင် မနင်းနဲ့ ၀ိုင်းပြီး မနေတဲ့ လေးလံသော ၀န်တင် ပစ္စည်းနားကို ရောက်လာ ပါတယ်.. လူအင်အားနဲ့ ပစ္စည်းရဲ့ အလေးချိန် မမျှတဲ့အတွက် သူတို့ မ နေတဲ့ ပစ္စည်းဟာ နေရာကနေ နည်းနည်းလေးတောင် မရွေ့ပါဘူးတဲ့… အဲဒီနားမှာတော့ တပ်ကြပ်လေး တစ်ယောက်ဟာ ၀ိုင်းဝန်း မတင်နေကြတဲ့ စစ်သားလေးတွေကို မကူညီဘဲ ဘေးကနေသာ ရပ်ကြည့် နေခဲ့ပါတယ်.. ဒါကို သတိထားလိုက်မိတဲ့ မြင်းစီး လူကြီးက တပ်ကြပ်လေးကို မေးလိုက်ပါတယ်..
“ဒီလူတွေ ဒီလောက် မနိုင်မနင်း ဖြစ်နေတာ ဘာကြောင့် ၀ိုင်းပြီး မကူညီတာလဲ ” တဲ့… တပ်ကြပ်လေးက ပြန်ဖြေ ပါတယ်.. “ ကျွန်တော်က တပ်ကြပ်လေ.. ဒီအဖွဲ့မှာ ခေါင်းဆောင်ဗျ.. ကျွန်တော်က သူတို့ကို အမိန့်ပေးရတာ…အမိန့်ပေးတဲ့လူ ဆိုတာ ၀ိုင်းလုပ်ဖို့ မလိုဘူး ” တဲ့.. ဒီတော့ မြင်းစီး တဲ့လူက ဘာမှမပြောတော့ဘဲ မြင်းပေါ်က ဆင်းလိုက် ပါတယ်.. ပြီးတော့ ပစ္စည်းကို ၀ိုင်းပြီး မနေတဲ့ စစ်သားတွေ အနားကို သွားပြီး ၀ိုင်းကူ လိုက်ပါတယ်.. သူရဲ့ ကူညီမှုကြောင့် ပစ္စည်း ဟာ နေရာကနေ ရွေ့သွား ပါတယ်… ဒီနောက် မြင်းသမားက မြင်းပေါ်ကို ပြန်တက်လိုက်ပြီး တပ်ကြပ်လေး ရှိရာဘက်ကို လှည့်လိုက်တယ်… “ နောက်တစ်ခေါက် မင်းရဲ့ လူတွေ အကူအညီ လိုရင် စစ်ဦးစီးချုပ်ကို အခေါ်လွှတ်လိုက်… ” လို့ ပြော ပြီး မြင်းကိုစီးကာ ထွက်ခွာသွားပါတယ်..

သူထွက်သွားပြီးမှ သိလိုက်ရတာက မြင်းစီးထားတဲ့ လူကြီးဟာ စစ်ဦးစီးချုပ် ဂျော့ခ်ျ ၀ါရှင်တန် ဖြစ်တယ် ဆိုတာပါဘဲ…

…………………………………………………………………………………………………………………………..

ဒီဇာတ်လမ်းလေးက တိုတိုလေးပါဘဲ.. ဒါပေမဲ့ ဆင်ခြင်တတ်ရင် သင်ခန်းစာ ယူစရာပါ.. တပ်ကြပ်လေးရဲ့ အဖြစ်က ဘာနဲ့တူသလဲဆိုရင် မပြည့်တဲ့အိုးနဲ့ တူပါတယ်.. ကျွန်မတို့ရဲ့ မြန်မာ စကားပုံလေး ရှိပါတယ်.. မပြည့်တဲ့ အိုး ဘောင်ဘင် ခတ်တယ် ဆိုတာပါဘဲ.. အိုးတစ်လုံးမှာ ရေကို ပြည့်အောင် မထည့်ထားတဲ့ အတွက် ရေအိုးကို လှုပ်ခါတိုင်း ရေဟာ ဘောင်ဘင်ခတ်ပြီး အသံပိုကျယ်ပါတယ်.. ဒီလိုလူမျိုးတွေ လောကကြီးမှာ များများစားစား ရှိနေပါတယ်.. ကိုယ့်ကိုယ်ကို ဘ၀င်မြင့် နေတတ်သော၊ ကိုယ်တိုင်လဲ ၀င်မလုပ်၊ သူများ လုပ်တာကို ထိုင်ကြည့်ပြီး အပြစ်ပြောနေတတ်တဲ့ လူတွေဟာ မပြည့်ဝတဲ့အိုးလို လူမျိုးတွေပါ…
ပြည့်ဝတဲ့အိုးများကျတော့ လှုပ်ခတ်မှုလည်း နည်းပြီး အသံကျယ်ကျယ်လဲ မမြည်ပါဘူး… လုပ်စရာ ရှိတာကို စကားများများ မပြောဘဲ တိတ်တိတ် ဆိတ်ဆိတ် ၀င်လုပ်ပြီး စာနာစိတ်၊ ထောက်ထားစိတ် များနဲ့ ကူညီတတ်သူ၊ လက်အောက်ငယ်သားနဲ့ လူအများအပေါ် ကိုယ်ချင်းစာစိတ် ထားတတ်သူ၊ နားလည် ကြင်နာတတ်သူများဟာ ပြည့်ဝအိုးလို လူစားမျိုး ဖြစ်ကြပါတယ်.. ဒီလိုလူစားမျိုးဟာ ဘယ်နေရာ၊ ဘယ်အခြေ အနေဘဲ ရောက်ရောက် ကိုယ့် အောက်က လူတွေနဲ့ သဟဇာတ ဖြစ်တတ်ပြီးတော့ လူချစ်လူခင်များပါတယ်.. လူတွေကလဲ လေးစား ကြည်ညို ကြပါတယ်..
မောက်မာပြီး ဘ၀င်မြင့်တဲ့ လူ၊ လက်အောက် ငယ်သားများကို ကိုယ်ချင်း မစာတတ်သူများဟာ တွေဟာ မပြည့်ဝအိုးနဲ့ သဏ္ဍာန်တူပြီး ရာထူး အရှိန်အ၀ါ ကြောင့်သာ လူတွေက သူ့ကို ကြောက်ရွံ့ နေရသော်လည်း လူတိုင်းကလဲ မကြည်ဖြူ၊ စေတနာမရှိ ဖြစ်တတ် ပါတယ်… ကျွန်မတို့ဟာလည်း ပြည့်ဝအိုးလို လူစားလား.. မပြည့်ဝတဲ့ အိုးလို လူစားလားဆိုတာ စဉ်းစားကြည့်ပြီး မပြည့်ဝသေးရင် လိုအပ်တာ လေးတွေကို ဖြည့်ဆည်းပြီး လောက ကောင်းကျိုးကို တစ်ထောင့်တစ်နေရာက ကူညီနိုင်ဖို့ ကြိုးစား ကြည့်ကြပါစို့လားရှင်…..


* In The Book of Virtues, edited by William J. Bennett, Simon & Schuster, New York, 1993, p. 204 မှ Practice Humility ကို ဘာသာပြန်ပါသည်..

ချော (အစိမ်းရောင်လွင်ပြင်)
အပြည့်အစုံဖတ်ရန်...

မြန်မာဝတ္ထုများ

အပြည့်အစုံဖတ်ရန်...

ဘဝကိုဖြတ်သန်းရာဝယ်

 တခါတုန်းက ရှင်ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့မြင်းစီးသူရဲကောင်းတစ်ယော
က်ကို မြင်းနဲ့ပတ်ပြီးစီးနိုင်သမျှ မြေနေရာအားလုံး အပိုင်စားပေးမယ်လို့ ပြောလိုက်ပါတယ်။

မြင်းစီးသူရဲကောင်းလည်း မဆိုင်းမတွဘဲ မြင်းပေါ်ကို ခုန်တက်ပြီး မြေနေရာ များနိုင်သမျှ များများကာမိအောင် မြင်းကို မြန်နိုင်သမျှမြန်မြန် စီးပါတော့တယ်။ သူဟာ မြင်းကို အမြန်ဆုံးပြေးအောင် ရိုက်ရင်း မရပ်မနားစီးပါတယ်။ သူဟာ ဗိုက်ဆာချိန်တွေ ပင်ပန်းနွမ်းနယ်နေချိန်တွေမှာလည်း မရပ်ခဲ့ပါဘူး။ မြေနေရာ အများဆုံးကာမိအောင်ပါ။

မြေနေရာကောင်း အတော်များများကို ကာမိချိန်မှာတော့ သူဟာ အရမ်းကို အားအင်ကုန်ခမ်း နွမ်းနယ်ပြီး သေလုမျောပါး ဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန်ကျမှ သူ့ကိုယ်သူ ပြန်မေးမိပါတယ်။
"မြေနေရာတွေ အများကြီးရဖို့ ငါ့ကိုယ်ငါ ဘာကြောင့်များ ဒီလောက်ညှင်းပန်းခဲ့ပါလိမ့်။ အခုငါ သေရတော့မယ့် အချိန်မှာ ငါ့ကို မြှုပ်ဖို့ မြေနေရာ သေးသေးလေးပဲ လိုတာပါလား..."

အထက်က ဇာတ်လမ်းလေးဟာ ဘဝခရီးနဲ့ အလားသဏ္ဍာန် တူပါတယ်။ လူတွေဟာ နေ့စဉ်နေ့တိုင်း ပိုက်ဆံတွေပိုရဖို့၊ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့၊ အသိအမှတ်ပြု လေးစားခံရဖို့ တွေအတွက် ကိုယ့်ခန္ဓာကိုယ်ကို ခိုင်းစေနေကြပါတယ်။ ကိုယ့်ကို ကျန်းမာပျော်ရွှင်စေမယ့် အချိန်တွေပေးနိုင်တဲ့ မိသားစုတို့၊ သဘာဝပတ်ဝန်းကျင် အလှအပတို့၊ ကိုယ်နှစ်သက်မြတ်နိုးတဲ့ ဝါသနာတို့ကိုတော့ လျစ်လျူရှုထားမိကြပါတယ်။ တနေ့ ပြန်ဆန်းစစ်ကြည့်တဲ့အချိန် ကိုယ်တကောက်ကောက်လိုက်နေခဲ့တဲ့ အရာတွေဟာ ဒီလောက်ကြီး မလိုအပ်ဘူးဆိုတာ သိနားလည်လာတဲ့ အခါမှာတော့ ကိုယ်မရခဲ့လိုက်တဲ့ အရာတွေအတွက် နောက်ကြောင်းပြန်လှည့်လို့ မရတော့ပါဘူး။

ဘဝဆိုတာ ပိုက်ဆံရှာဖို့၊ ရာထူးအာဏာတွေ ပိုင်ဆိုင်ဖို့၊ အသိအမှတ်ပြု လေးစားခံရဖို့ချည်းသက်သက် မဟုတ်ပါဘူး။ ဘဝဆိုတာ အလုပ်လုပ်ဖို့ချည်း သက်သက်လည်း မဟုတ်တာ သေချာပါတယ်။ အလုပ်ဟာ ကိုယ်တို့ကို နေထိုင်ရပ်တည်ဖို့အတွက် လိုအပ်သလို သဘာဝအလှအပတွေကို ခံစားရင်း ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းဖို့လည်း လိုအပ်တာပါပဲ။ ဘဝဟာ အလုပ်၊ အနားယူပျော်ရွှင်ချိန်၊ မိသားစုနဲ့ ကိုယ်ပိုင်အချိန်တွေ သမမျှတနေရမယ့် အရာပါ။ ကိုယ့်ရဲ့ဘဝကို ဘယ်လို သမမျှတအောင် နေမလဲဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။ ကိုယ့်ဘဝထဲက အရာတွေအတွက် ဦးစားပေးအဆင့်တွေ သတ်မှတ်ပြီး အဲဒါတွေကို မျှတအောင် ဘယ်လိုညှိုနှိုင်းယူရမလဲဆိုတာ သိပါ။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာတော့ ရင်ထဲကလာတဲ့ သဘာဝအသိပေါ်မှာ မူတည်ပြီး ချမှတ်ပါ။

"ပျော်ရွှင်ငြိမ်းချမ်းမှု"ဆိုတာ ဘဝရဲ့အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ဖြစ်သလို လူသားတွေ ရှင်သန်တည်ရှိနေရခြင်းရဲ့ ဦးတည်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သက်တောင့်သက်သာနဲ့ ကိုယ်လုပ်ချင်တဲ့ (သူတပါးကို မထိခိုက်တဲ့) အရာတွေကို လုပ်ပါ။ သဘာဝကို တန်ဖိုးထား ချစ်မြတ်နိုးပါ။

ဘဝဆိုတာ အထိအရှမခံ နုနယ်ပါတယ်။ တိုတောင်းပါတယ်။ ဒါကြောင့် ကိုယ့်ဘဝရဲ့ဖြစ်တည်ရှင်သန်မှုကို တန်ဖိုးမထားဘဲ မနေပါနဲ့။ မျှတငြိမ်းချမ်းတဲ့ ဘဝနေမှုပုံစံနဲ့ နေထိုင်ရှင်သန်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။

သင့်အတွေးတွေကို ဂရုစိုက်ပါ။ သူတို့က သင့်စကားတွေ ဖြစ်လာပါတယ်။
သင့်စကားတွေကို ဂရုစိုက်ပါ။ သူတို့က သင့်အပြုအမူတွေ ဖြစ်လာပါတယ်။
သင့်အပြုအမူတွေကို ဂရုစိုက်ပါ။ သူတို့က သင့်အကျင့်တွေ ဖြစ်လာပါတယ်။
သင့်အကျင့်တွေကို ဂရုစိုက်ပါ။ သူတို့က သင့်စရိုက်ဖြစ်လာပါတယ်။
သင့်စရိုက်ကို ဂရုစိုက်ပါ။ သင့်စရိုက်က သင့်ရဲ့ပန်းတိုင်ဖြစ်လာပါတယ်။
အပြည့်အစုံဖတ်ရန်...

သားသမီးကိုချည်နှောင်သောမိဘနှင့်  မိဘကိုအာခံသောသားသမီး

သားသမီးကိုချည်နှောင်သောမိဘနှင်
့ မိဘကိုအာခံသောသားသမီး

ရက်တစ်ရက်တွင် ကျွန်တော့် ထံသို့ စုစုရောက်လာသည်။ စုစု သည်
အိမ်ကသမီးများနှင့် ဆိုလျှင် သက်တူရွယ်တူ ခန့်ရှိပေလိမ့်မည်။ သူမတွင်
မောင်တစ် ယောက် ရှိသည်။ ၄င်းတို့၏ မိဘများမှာ ကုန် သည်လုပ်ငန်း
လုပ်ကိုင်ကြသည်ဟု သိရှိရ သည်။ ဖခင်ဖြစ်သူသည် ကုန်သည်တစ်ဦး ပင်ဖြစ်
သော်လည်းစိတ် ကတော့ လက်တစ်ဆစ်ဟုဆိုသည်။ စိတ်ကြီးသူ၊ ဒေါသကြီးသူ၊
သားသမီးများကို ဆုံးမသည့်အခါ လက်ပါလေ့ရှိပြီး စရိုက်ကြမ်း၊
အရိုက်လည်းကြမ်းသူဖြစ်သည်။
ထိုသို့အရိုက်ကြမ်းသဖြင့် ၄င်း ၏မောင်ငယ်ဆိုလျှင် အကြောက်လွန်စိတ္တဇဖြစ်ကာ
ညဥ့်ဘက်တွင် လန့်လန့်နိုးသည့် ရောဂါစွဲလာခဲ့ သည်ဟုသိရသည်။ စုစုကတော့
ဖခင်ရိုက်လျှင် အံ ကြိတ်ပြီး တင်းခံသည်။ သားသမီး များ ဖခင်ကို
'ရှောင်လေဝေးဝေး' ပြုမူကြသည်။ မိခင်သည် ဖခင်၏ သြဇာကို လွန်ဆန်ရဲသူမဟုတ်၊
ထို့ကြောင့် မိခင်ကိုလည်း အားကိုးအားထားမပြုကြတော့ဘဲ
လွတ်ရာကျွတ်ရာသို့သာထွက်ပြေးချင်သည့် စိတ်များကိုယ်စီဖြစ်ပေါ်လျက်ရှိသည်။

သင်းသင်းဆယ်တန်းအောင် သောအခါအလုပ်ရှာဖို့ဆိုသည့် အကြောင်းပြချက်ဖြင့်
ရန်ကုန်သို့ ထွက်လာခဲ့သည်။ အစပထမ မူလတန်းဆရာမလုပ်သည်။
အလုပ်လုပ်ရင်းစာရေးသည်။ စာရေး ဆရာမ လုပ်မည်ဆိုသည့် ပြင်းပြ သော
စိတ်ဆန္ဒနှင့်ဝတ္ထုလေးတွေ စမ်းရေးသည်။ ရင်ထဲမှခံစားချက်များက စာရေးရန်
ခွန်အားတွေဖြစ် အပြည့်အသိပ်။ ဝီရိယအကျိုးကြောင့် အတန်
အသင့်အောင်မြင်လာသည့်နောက်ပိုင်း ကျောင်းဆရာမအလုပ်ကထွက်ပြီး စာကိုပဲ
ဇောက်ချပြီး ရေးလာခဲ့ရာ အောင်မြင်မှုများ တစ်စ တစ်စရရှိလာသည်။ ရန်ကုန
်ဆင်ခြေဖုံးတစ် နေရာတွင် တိုက်ခန်းငှားနေရင်း
စာကိုချည်းဆက်တိုက်ရေးလာခဲ့ရာ Best Seller စာရင်းဝင်တစ်ဦး ဖြစ်
လာခဲ့သည်။ မိတ်ဆွေသင်္ဂဟ အသိုက်အဝန်းများ၏ ပံ့ပိုးမှုကြောင့်လည်း သူမသည်
တစ်နေ့တခြား နာမည်ကျော်ကြား လူသိများလာခဲသည်။

နယ်မှာကျန်ရစ်တဲ့ မောင်ငယ် ကိုခေါ်ပြီး ဘဝအမြင်ကျယ်အောင်
မြေတောင်မြှောက်ပေးခဲ့သည်။ နယ်က မိဘများကိုလည်း ထောက်ပံ့ခဲ့ သည်။
ရန်ကုန်တွင် အဆင်ပြေသည် ဟု သိရှိရသောအခါ မိဘများ
ရန်ကုန်သုလြိုက်လာခဲ့သည်။ အပြီးလိုက်လာခြင်းမဟုတ်၊ မကြာ
ခဏလာလည်ကြခြင်းဖြစ်သည်။
တစ်ခါတစ်ခါ ရက်ရှည်နေလေ့ရှိသည်။ ဤကာလတွင် သူမအတွက်
စိတ်အနှောင့်အယှက်ဖြစ်စရာများ ကြုံရသည်။
နှစ်ကာလမျာကြာလာခဲ့ပြီဖြစ်သည့်တိုင် ဖခင်၏ ငယ်စရိုက်မှာ မပျောက်သေး၊
သားသမီးများ အပေါ်နိုင်စားလို သည့် စိတ်နှင့်သာဆက်ဆံသည်။
အလိုမကျဖြစ်တိုင်း မိဘ အပေါ် မသိတတ်သည့် သားသမီး များအဖြစ် အပြစ်ဖို့သည်။
ပြောင်းလဲသွားသော ပတ်ဝန်း ကျင်၊ ပြောင်းလဲနေသော
ခေတ်ကာလစရိုက်သဘာဝများနှင့် နေ ထိုင်သော သားသမီးများကို အစဉ် အလာစိုက်
သဘာဝအတိုငိုး စွဲနေသော မိဘများကကြည့်မရ ဖြစ်တော့သည်။

ယင်း၏နောက်တွင် အပြစ်မြင် ခြင်း၊ စကားနာထိုးခြင်းတည်းဟူ
သောလှိုင်းလုံးများရိုက်ခတ်ပါသည်။ မိဘများ ရန်ကုန်လာနေချိန်နှင့် ပြန်
သွားပြီးတစ်လလောက် အထိ သူမ စာရေးလို့မရ၊ စာတွင် ဝင်စားလိုမရဘဲ
ရေးလက်စစာများ ပြန်လည် စုစည်းမရဖြစ်ရသည်။ မိဘများက
အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆိုသည့်အချက်နှင့် သားသမီးများကိုအနိုင်ယူသည်။
သားသမီးများကလည်း ငယ်ဘဝ တစ်လျှောက်လုံး ခါးသီးသည့်ဒဏ် ခံခဲ့ရပီးဖြစ်၍
မိဘနှင့်ဝေးရာမှာ နေချင်သည်။ မိဘနှင သားသမီး ညှိ မရ၊ ပေါင်းစည်းမရ၊
အကျိတ်အခဲ၊ အစိုင်အခဲများကြီးသထက်ကြီးလာ ကာစိတ်ညစ်ညစ်နှင့်စုစုတစ်ယောက်
ကျွန်တော့်ထံ ရောက်ရှိရင်ဖွင့်လာ သည်။ ကျွန်တော်ကဆရာတော်ရှင်ဆေကိန္ဒရဲ့
Aspects For Two Straight
Linesအမည်ရှိသည့်ဗီစီဒီအခွေကြည့်ပြီးပြီလားဟုမေးသောအခါမကြည့်ရ
သေးဟုဆိုသဖြင့် အခွေကို ဖွင့်ပြလိုက်သည်။

မိဘတွေကတစ်ဖက်၊ သား သမီးတွေက တစ်ဖက် ဝဲယာထား ကာ ဆရာတော်က အလယ်တွင်ထိုင်ကာ
မိဘများဘက်က သား သမီးအပေါ် အလိုမကျ သည်များကို ရင်ဖွင့်စေသည်။ အလားတူ သား
သမီးများဘက်ကလည်း မိဘများအပေါ် မကျေမနပ်ဖြစ်နေသည်တို့ကိုရင်ဖွင့်စေသည်။
မိဘနှင့် သား သမီးတို့၏ အကျိတ်အခဲများကို ဖွင့် အန်စေခြင်း ဖြစ်ပါသည်။
ဆရာတော့်အခွေကို ကြည့်ရ သည်မှာ စိတ်ဝင်စားစရာဖြစ်သည်။
မိဘများဘက်ကရှုဒေါင့်၊ သားသမီးများ ဘက်က ရှုဒေါင့်အသီးသီး
ရင်ဖွင့်သည်များကိုကြားရသည်။ သားသမီးချင်းအတူတူ အချစ်မညီမျှတာ၊
အခွင့်အရေးမညီမျှတာ သားသမီးများအပေါ်
မိဘများ တာဝန်မကျေတာများကို သားသမီး များဘက်က ခံစားချက်ကိုယ်စီဖြင့်
ရင်ဖွင့်ပြောကြားကြသည်ကိုမြင်တွေ့ရသည်။ အချို့လူငယ်များ ပြောရင်း
ပြောရင်း ဝမ်းနည်း ပက်လက်ဖြစ်ကာငိုကြီးချက်မ
ဆို့ဆို့နင့်နင့်ဖြစ်ကြသည်ကို တွေ့ရသည်။ မိဘများဘက်ကလည်း စုန်ရေ
သာရှိပြီး ဆန်ရေမရှိပုံ၊ သားသမီး များအရွယ်မရောက်သေးမီ မိဘကို အာခံကြပုံ၊
မိဘကို အရွဲ့တိုက်ကြပုံ၊ စိတ်ကောက်ကြပုံ၊ ပြောမရဆိုမရ
တစ်ဇွတ်ထိုးလုပ်ကြပုံများကိုကရုဏာ ဒေါသ သံများနှင့် ပြောကြ သည်တို့ကို
တွေ့မြင်ရသည်။ နှစ်ဖက်ပြောကြပြီးသည့် နောက်တွင် ဆရာတော်က တရား
တော်နှင့်အညီ မိဘနှင့်သားသမီး အသီးသီး ကျိတ်မနိုင်ခဲမရဖြစ်နေကြ သည့်
အကျိတ်အခဲများကို တရားတော်နှင့်ဖြေချပေးသည်။ အဆိုပါအခွေကိုကြည့်ရင်း
မိဘနှင့် သားသမီးများ သတိပြုစရာ၊မှတ်စရာ၊
ဆင်ခြင်စရာများကို ခံစားရရှိစေပါသည်။

အခွေကိုကြည့်ရင်း စုစုမျက်နှာ ကို ကျွန်တော်အကဲခတ်လိုက်သည်။
သူမရင်ထဲမှာလည်း အကျိတ်အခဲနှင့် မဟုတ်ပါလား။ သူမ၏
မျက်လုံးအိမ်မှမျက်ရည်စများ စီးကျလာသည်။ အခွေကိုကြည့်ပြီးဖြစ်သော်လည်း
သူမ၏ အကျိတ်အခဲများ ပြေသွားပုံမပေါ်သေး။ ဆရာတော်ရှေ့
အရောက်သွားပြီးရင်ဖွင့်ချင်ပုံရ၏။

''သမီးကတော့ ဘယ်လိုမှ နားမလည်နိုင်သေးဘူး'' ဟုသာ ပြောသည်။ ''နေဦး
သမီးရဲတစ်ခါ က စာစောင်တစ်ခုရဲ စာအုပ်စင်မှာ ဖော်ပြထားတဲ့ စာပိုဒ်ကလေး
တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ စာအုပ်အမည်က အငွေ့ပြန် စိတ်ကူးများ၊ ရေးသူက
နေသစ်မှူး (ငွေသာကွင်း)တဲ့၊ အဲဒီစာအုပ်မှာ ပါတဲ့ ကောက်နုတ်ချက်လေးက
''ဘာသာတရားက မိဘဆိုတာအနန္တဂိုဏ်းဝင်လိုပြောထားတာဆိုတော့ အဲဒီစကားကို
ကိုးကားပီး သားသမီးတွေကို အနိုင်မယူသင့် ဘူး။တကယ်လိုဒ္ဓတ္ထမင်းသား ဟာ
မိဘစကားကို နားထောင်ခဲ့ရင် ဘုရားဖြစ်ခဲ့မှာမဟုတ်ဘူး။ပြီးတော့ မိဘတွေရဲ့
အလုပ်က ဒီလောကကို သားသမီးတွေကို သိအောင်ပြဖို့ပဲ၊ သားသမီးတွေကို
ချည်နှောင်ထားဖို့ မဟုတ်ပါဘူးလို့ ဖတ်လိုက်ရတယ်'' ဟု ပြောလိုက်ရာ ¤င်းက
''ဒါဖြင့်ရင် သားသမီးတွေကရော မိဘကို ဘယ် လိုနားလည်ရမှာလဲ'' ဟထပ်မေး
ပါသည်။

''မိဘဆိုတာ ဘဝအခြေအနေ အမျိုးမျိုးအပေါ်မှာ ရပ်တည်နေကြ
သူတွေဖြစ်တဲ့အတွက်စရိုက်အခြေ အနေအမျိုးမျိုးရှိနိုင်သလို ပညာ၊ အသိဥာဏ်
ကွာဟမှု လည်း အမျိုးမျိုး ရှိနိုင်တယ်။ပြီးတော့ သူတိုဟာ
အိမ်ထောင်တစ်ခုရဦးစီးဦးဆောင် တွေဖြစ်ကြတယ်။ ဒီတော့ သူတို့
အနေအထားဟာကောင်းလည်းသူ တို့၊ မကောင်းလည်း သူတိုပဲ။ သားသမီးအပေါ်
ချစ်တဲ့နေရာ မှာ စရိုက်သဘာဝအရ ခြားနားကောင်း ခြားနားနိုင်တယ်။ပြီးတော့
အိမ်ထောင်တစ်ခုကို တာဝန်ယူနေရ
တဲ့သူဖြစ်တဲ့အတွက် စားဝတ်နေရေး ခက်ခဲပင်ပန်းတတ်ကြတယ်။ ဒီအခက်အခဲကို
သားသမီးတွေ မသိ အောင် မိဘတွေက ဖုံးကွယ်ထားတာမျိုးလည်းရှိတယ်။ သားသမီးတွေ
က ဒီအခက်အခဲတွေကို မသိကြ တာလည်းရှိတယ်။ အိမ်ထောင် တစ်ခုကို အညီအမျှ
ချိန်ခွင်လျှာ မရွဲ့မစောင်းအောင် ဦးစားပေးလွန်း ရင်လည်း စားဝတ်နေမှုအတွက်
ရှာဖွေရာမှာ လစ်ဟင်းတတ်တယ်။ စားဝတ်နေရေးဘက်ကို နှစ်မြှုပ်ထား ပြန်ရင်လည်း
မိသားစုအရေးမှာ လစ်ဟင်းတတ်တယ်။ ဒီချိန်ခွင်လျှာ ကို မိဘတိုင်းဟာ
သူတို့အခြေအနေ အနေအထားအရ တတ်စွမ်းသမျှ ထမ်းဆောင်ကြတာပါပဲ၊ တစ်ခါ တလေ
အလိုမပြည့်တဲ့အခါ သူတို့ လည်း လူသားတွေပဲ၊ စိတ်ညစ်တာ မျိုးတွေ
ရှိကြမှာအမှန်ပဲ။

သူတို့ဟာ ဘက်ပေါင်းစုံကို တာဝန်ယူရသူတွေဖြစ်တယ်။ စီးပွားရေး၊ ကျန်းမာရေး၊
ပညာရေး၊ လူမှုဆက်ဆံရေးအပြင် အိမ်မှာ အမြဲလိုလို လိုအပ်နေတဲ့ အရာမှန်
သမျှကို ဖြည့်ဆည်းပေးနေရသူတွေ ဖြစ်တယ်။ သူတို့ဟာ သူတို့ အသိÓဏ်ရှိသလောက်
မိသားစု အပေါ် စီမံခန့်ခွဲကြတာဖြစ်တယ်။ ဒီလို စီမံခန့်ခွဲရာမှာ
လစ်ဟာမှုတွေ၊ မညီမျှမှုတွေ ရှိကောင်းရှိနေနိုင်တယ်။ ဒီအရာတွေကို သားသမီး
တိုင်း မိဘဘဝရောက်မှသိကြ တယ်။ သားသမီးဘဝမှာ သိနိုင်ကြမှာမဟုတ် ပါဘူးကွယ်။
အထူးသတိထားဖို့က မိဘ တိုင်းဟာ သူတော်စင်တွေ မဟုတ် ကြဘူးဆိုတာပါပဲ။ မိဘဟာ
သူ့ဘဝ၊ သူ့ကံ အကျိုးပေးအရ သူခိုးဖြစ် ချင်ဖြစ်မယ်။ ဓားပြကြီး
ဖြစ်ချင်ဖြစ်မယ်။ ငါးစိမ်းသည် ဖြစ်ချင်ဖြစ်မယ်။ သူဌေးကြီး ဖြစ်ချင်ဖြစ်
မယ်။ သူယုတ်မာ ဖြစ်ချင်ဖြစ်မယ်။ စရိုက်အမျိုးမျိုး၊ ဘဝအမျိုးမျိုးမှာ
ရှိနိုင်တယ်။ အဲဒါက လူ့ဘဝအကျိုးပေး၊ သူ့ကံအကျိုးပေးဖြစ် တယ်။
သဗ္ဗေသတ္တာကမ္မသကာ ဆိုတာကိုနားလည်သဘောပေါက် ဖို့လိုတယ်။ သူ့ဘဝအကျိုးပေးနဲ့
စရိုက် သဘာဝက ကဏ္ဍတစ်ရပ်၊ မိဘဆို တဲ့ အနေအထားက ကဏ္ဍတစ်ရပ်၊
ဒီလိုခွဲခြားထားတတ်ဖို့ပဲ။ သူ့ဘဝ အကျိုးပေးနဲ့ စရိုက် သဘာဝအရ
ဂုဏ်ယူထိုက်သူ၊ နမူနာယူထိုက်သူ၊ သင်ခန်းစာယူ ထိုက်သူဖြစ်က ဂုဏ်ယူလိုက်ပါ၊
နမူနာယူလိုက်ပါ၊ သင်ခန်းစာယူ လိုက်ပါ။ အကယ်၍ ဘဝအကျိုးပေးနဲ့ စရိုက်သဘာဝအရ
ဂုဏ်မယူထိုက် သူ၊ နမူနာမယူထိုက်သူ၊သင်ခန်းစာ မယူထိုက်သူဖြစ်က
အတတ်နိုင်ဆုံး နားလည်ပေးပါ။ ဤသည်မှာ ကတစ်ရပ်ပါ။ အခြားကဏ္ဍတစ်ရပ်မှာ
ဂုဏ်ယူထိုက်သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ နမူနာယူထိုက်သူ
ဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ၊ သင်ခန်းစာယူထိုက်သူဟုတ်သည်ဖြစ်စေ၊
မဟုတ်သည် ဖြစ်စေအမြဲထာဝရ ရိုသေလေးမြတ် စွာ ရှိခိုးထိုက်သူ
'ဘဝကျေးဇူးရှင်' ဖြစ်နေတာကိုတော့ အသိအမှတ်ပြုရလိမ့်မယ်။ မိဘအပေါ် အားမလို
အား မရဖြစ်တာ၊ မကျေမနပ်ဖြစ်တာရှိဦး တော့ အဲဒါက တစ်ကမိဘဟာ မိဘပဲဆိုတာ
တစ်ကဏ္ဍ၊ ဒီလို ခွဲခြား နားလည်နိုင်ပါမှ မိဘကျေးဇူးကို မြင်မှာဖြစ်ပါတယ်။
ဒီလိုမြင်မှလည်း မိဘကျေးဇူးကို ဆပ်နိုင်မှာဖြစ်တယ် ဟု ပြောပြမိသည်။
သားသမီးကို ချည်နှောင်သောမိဘနှင့် မိဘကို အာခံသော သားသမီးများ မဖြစ်ကြ
ပါစေနှင့်လို့သာ ........
အပြည့်အစုံဖတ်ရန်...

ကုတင်နံပါတ်

ကုတင်နံပါတ်(၁၉)ကလူနာ ဆေးရုံစတက်တဲ့နေ့မှာ သားဖွားမီးယပ်က ဆရာဝန်
နပ်စ်တွေအားလုံး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြတယ်။ ဒါဟာ ဆေးရုံနဲ့
ဆေးတက္ကသိုလ်က ကျောင်းသားတွေ ပူးပေါင်းပြီး "အေအိုင်ဒီအက်စ်ရောဂါ
ခံစားနေရတဲ့ မိခင်မှ ရင်သွေးငယ်သို့ မကူးစက်ဘဲ ဖွားမြင်ရေး" ဆိုတဲ့
ရောဂါမကူးစက်ရေး အကြောင်းကို ရှာဖွေဆွေးနွေးကြဖို့ဖြစ်တယ်။

အေအိုင်ဒီအက်စ် ရောဂါသည်တစ်ဦး သားဖွားဆောင်ထဲ ရောက်နေတယ်ဆိုတဲ့ သတင်းက
အိုးပူပူထဲ ပေါက်ပေါက် ထည့်ဖောက်လိုက်သလို သားဖွားဆောင်တစ်ခုလုံး
ချက်ချင်းပေါက်ကွဲသွားခဲ့တယ်။ အစည်းအဝေးတုန်းက ဆေးရုံအုပ်ရှေ့မှာ ဘာမှ
မဟရဲခဲ့ကြပေမယ့် အစည်းအဝေးအပြီးမှာ နပ်စ်တွေက အချင်းချင်း
ဝိုင်းအုံဖွဲ့ကြပြီး "ရောဂါကူးခဲ့ရင် ဘယ်သူတာဝန်ယူမလဲ?" လို့
ငြင်းခုံခဲ့ကြတယ်။

ဆရာဝန်တစ်ချို့ကတောင် "လူနာသုံးတဲ့ ခွဲစိပ်ကိရိယာတွေ၊ အိပ်ရာခင်းတွေ
ကတစ်ဆင့် တစ်ခြားလူနာတွေကို ပြန်ကူးစက်ရင် ဘယ်လိုလုပ်မလဲ?" လို့
ညည်းတွားနေကြတယ်။

ညည်းခဲ့ ငြင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လူနာနေဖို့ အခန်းကို
စီစဉ်ခဲ့ကြရတယ်။ ဆေးရုံအုပ်ကြီးကိုယ်တိုင် လူနာအတွက် စပ္ပါယ်ရှယ်အခန်းက
ကုတင် နံပါတ် (၁၉)ကို ရွေးပေးခဲ့တယ်။ လာဘ်နံပါတ်လို့ ပြောပါတယ်။
နပ်စ်မှူး တာဝန်ခွဲတော့ ကုတင် (၁၉)က လူနာကို ဘယ်သူမှ
သွားမကြည့်ချင်ခဲ့ကြဘူး။ နောက်ဆုံး ကျောင်းပြီးတာ သုံးလတောင်
မပြည့်သေးတဲ့ကျွန်မ ကုတင် (၁၉) အတွက် မားမားမတ်မတ် ထွက်ရပ်ခဲ့တယ်။

အခန်းထဲ စဝင်တဲ့နေ့မှာ လက်ရှည်အကျီင်္၊ မျက်နှာဖုံး၊ ဦးထုပ်ဆောင်းရုံသာမက
အထူဆုံး လက်အိတ်တစ်စုံကိုပါ ကျွန်မရွေးခဲ့မိတယ်။ ကုတင်(၁၉)ကလူနာ
ကုတင်ဘောင်ကိုမှီပြီး မွေးဖွားခါနီး ဗိုက်ကို ပွတ်သပ်လို့
အခန်းထဲဝင်လာတဲ့ ကျွန်မကို ပြုံးပြကြိုဆိုနေတယ်။ ဒီလိုရောဂါရထားတဲ့
အမျိုးအမီးတစ်ယောက်က တစ်ခြားလူတွေထက် တမူထူးခြားနေမယ်လို့ ကျွန်မ
ထင်ခဲ့မိတယ်။ တကယ်တမ်း သူ့ကိုတွေ့တော့ သာမန်အမျိုးသမီး တစ်ဦးပါပဲ။
ဆံပင်ခပ်တိုတို၊ ဂါဝန် ပွပွကြီးကြီးကို ဝတ်ဆင်ထားပြီး ကွင်းထိုးဖိနပ်
အနက်ရောင်ကို စီးထားတယ်။ ပါးပြင်တစ်ဖက်တစ်ချက်မှာ တင်းတိတ်တွေနဲ့
ပြည့်နေတဲ့ သူ့ပုံစံက လုံးဝစံမီတဲ့ မိခင်လောင်းတစ်ဦးဖြစ်တယ်။

"မင်္ဂလာပါ"

ဖော်ဖော်ရွေရွေ နှုတ်ဆက်လာတဲ့သူ့ကို လှိုက်ဖိုနေတဲ့ ရင်အစုံနဲ့ အေးစက်စက်
ကျွန်မ ပြန်ပြုံးပြလိုက်မိတယ်။ ပထမဆုံးရက်မှာပဲ လူနာကို သွေးစစ်ရတယ်။
သွေးက ရောဂါကူးစက်ရမှာ အဓိကဖြစ်တဲ့အတွက် သူ့ကို သွေးစုတ်ဖို့ရာ
ကျွန်မတစ်ကိုယ်လုံး ထုံကျင်နေမိတယ်။

ကျွန်မ စိတ်လှုပ်ရှားလွန်းလို့လားမသိ! သွေးစုတ်ဖို့ အပ်ကို သွေးကြောထဲ
ရောက်အောင် မထိုးနိုင်ခဲ့ဘူး။ လွဲချော်သွားတဲ့ အပ်ကြောင့် သူ့မျက်ခုံး
တွန့်သွားတာကို ကျွန်မမြင်လိုက်တယ်။ သွေးစုတ်ဖို့ ဖန်ပြွန်တွေ၊
ဂွမ်းစတွေနဲ့ ကျွန်မ ပျာများနေမိတယ်။ သူ့သွေးတွေ ကျွန်မကိုယ်ပေါ် လုံးဝ
မပေကျံဖို့ ဂရုစိုက်ရသေးတယ်။ သွေးစုတ်ပြီးနောက် သူ့မျက်နှာကို
ကျွန်မကြည့်လိုက်မိတယ်။ မျက်နှာက ပကတိ အေးချမ်းတည်ငြိမ်လို့......

"ကျေးဇူးတင်ပါတယ်"

ယဉ်ယဉ်ကျေးကျေးနဲ့ နွေးနွေးထွေးထွေး ဆက်ဆံလာတဲ့ သူ့ကို ပညာတတ်
လူတန်းစားထဲကမှန်း ကျွန်မရိပ်မိလိုက်တယ်။

" ဟို .. ကုတင်(၁၉)က လူနာလေ ဘယ်လိုကြည့်ကြည့် အဲဒီရောဂါရှိတဲ့ လူနာနဲ့ကို
မတူဘူး သိလား" နပ်စ်နားနေဆောင် ရောက်ရောက်ချင်း ကျွန်မ မအောင့်နိုင်ဘဲ
ပြောလိုက်မိတယ်။

"ဒီလိုရောဂါရတဲ့ လူနာကို ဘယ်လိုပုံစံနဲ့ မြင်ချင်လို့လဲ?" တာဝန်ကျ
ဒေါက်တာတစ်ဦးရဲ့ စကားက ကျွန်မ စကားလမ်းကြောင်းကို ပိတ်ပစ်လိုက်တယ်။

"နပ်စ် .. ဒါကို ကြည့်လိုက်ဦး"

ဒေါက်တာက ပြောပြောဆိုဆို လူနာရဲ့ဆေးမှတ်တမ်းတွေ ကျွန်မကို ကမ်းပေးတယ်။

ဆေးမှတ်တမ်းကို ကျွန်မတစ်ရွက်ချင်း လှန်ကြည့်လိုက်တယ်။ သူ ကံတော်တော်
မကောင်းခဲ့ရှာဘူး။ သူဟာ တက္ကသိုလ်ကျောင်း တစ်ခုက ဆရာမပါ။
ငယ်ရွယ်ထက်မြက်တဲ့သူက အသက် ၃ဝမှာ တွဲဖက်ပါမောက္ခ ဖြစ်နေပါပြီ။
သူ့အနာဂတ်လမ်းက ဖြောင့်ဖြူးနေခဲ့ပါတယ်။ ဒါပေမယ့် ခရီးတစ်ခုမှာ မတော်တဆ
ယာဉ်တိုက်မှုဖြစ်ပြီး အရေးတကြီး သွေးသွင်းခဲ့ရတယ်။ အဲဒီမှာ HIV ရောဂါ
ကူးစက်ခံခဲ့ရတာပါပဲ။

သွေးသွင်းခဲ့လို့ ရောဂါကူးစက်ခံရမယ်လို့ ဘယ်သူမှ တွေးမထားခဲ့မိဘူး။
သူကိုယ်ဝန်ရပြီး စစ်ဆေးမှုတွေ ပြုတဲ့အချိန်ကျမှ ကူးစက်ခံရမှန်း သိခဲ့ရတယ်။
အဲဒီနောက် သူ့ဘဝ တစ်မျိုးတစ်ဖုံ ပြောင်းခဲ့ရတယ်။ လောကကြီးကို
မျက်နှာမပြရသေးတဲ့ ရင်သွေးငယ်ကိုလည်း သနားမိတယ်။ အေအိုင်ဒီအက်စ်
ရောဂါသည်မွေးဖွားတဲ့ ကလေးငယ်ဟာ ရောဂါကူးစက်ဖို့ ၂ဝ% ကနေ ၄ဝ% ထိ
ရှိနိုင်တယ်လို့ ဆိုပါတယ်။ မွေးဖွားချိန်မှာ ဖြစ်လာနိုင်တဲ့ အခက်အခဲနဲ့
ရောဂါ ကာကွယ်စက်စနစ်တွေ (Immune System) ပျက်စီးခဲ့ရင်
အသက်ပါဆုံးရှုံးနိုင်ပါတယ်။

အခုချိန်မှာ သူဟာ မွေးဖွားချိန်ကို တစ်ဖက်ကစောင့်ရင်း
သူ့ကိုသွေးသွင်းပေးခဲ့တဲ့ ဆေးရုံနဲ့ သွေးလှူဌာနကို တရားစွဲဆိုထားပါတယ်။
လျှော်ကြေးငွေရမယ်လို့ ခန့်မှန်းထားပေမယ့် သူ့အတွက်
ဘာများအသုံးဝင်တော့မလဲ?

ကုတင်(၁၉)ရဲ့ အမျိုးသား ရောက်လာတဲ့အချိန်မှာ သားဖွားဆောင်တစ်ခုလုံး
လှုပ်လှုပ်ရှားရှား ဖြစ်သွားသေးတယ်။ အေအိုင်ဒီအက်စ် ဝေဒနာသည်တစ်ဦးရဲ့
ခင်ပွန်းဟာ ဘယ်လိုပုံစံများပါလိမ့်? ကျွန်မသိချင်၊ မြင်ချင်ဇောနဲ့
အခန်းကို စစ်ဆေးမယ့်ဟန်ပြုပြီး ဝင်ရောက်စပ်စုခဲ့တယ်။ လူနာက
ကုတင်ခေါင်းရင်းမှာ ထိုင်နေပြီး ခြေထောက်ကို ကုတင်နဲ့
မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ခင်ပွန်းပေါင်ပေါ် ဆန့်ထားတယ်။ ပြီးတော့
ငယ်ထိပ်ကနေ ဆံဖျားအထိ ဆံပင်ကို စိတ်အေးလက်အေး ဖြီးသင်နေတယ်။
ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ကြောင့် ဖောရောင်နေတဲ့ သူ့ခြေထောက်ကို
ညင်ညင်သာသာ ဖိနှိပ်ပေးနေတယ်။ ဇနီးသည်ကို သနားကြင်နာမြတ်နိုးတဲ့ အပြုံးနဲ့
နွေးထွေးမှုတွေကို သူ့လက်ဖဝါးကနေ တစ်ဆင့် ဇနီးရဲ့ ကိုယ်ထဲကို
အရောက်ပို့နေခဲ့တယ်။

နေရောင်ခြည်က ပြတင်းပေါက်ကို ဖြတ်ပြီး အခန်းထဲမှာရှိတဲ့ ခင်ပွန်းရဲ့
လက်ပေါ်၊ ဇနီးရဲ့ ခြေပေါ်ကို အစက်အပျောက်အဖြင့်နဲ့ ထိုးကျလာခဲ့တယ်။
နေရောင်အောက်မှာ သူတို့ဟာ တကယ့် ပျော်ရွှင်စရာကောင်းတဲ့ ဇနီးမောင်နှံအဖြစ်
ပိုအသက်ဝင်နေခဲ့ပါတယ်။

"ကလေးက ဘယ်သူနဲ့ ပိုတူမယ်လို့ ထင်လဲ?"

ကုတင်ထက်က အိပ်ရာခင်းကို ဆွဲဆန့်ရင်း သူတို့ပြောတဲ့စကားကို ကျွန်မ
စိတ်မကောင်းစွာ နားထောင်နေမိတယ်။ တကယ်တော့ သူတို့ဟာ ပျော်စရာကောင်းတဲ့
မိဘလောင်းတွေပါလား?

"ကျွန်မနဲ့ ပိုတူမှာ " ခပ်ချွဲချွဲ အမှုအရာနဲ့ သူပြောတယ်။

"အသားအရေတော့ တူလို့ မဖြစ်ဘူးနော်" ခင်ပွန်းက တစ်ဟားဟား ရယ်ရင်း
"ကြည့်စမ်း... ပါးပြင်ပေါ်မှာ အစက်အပျောက်တွေနဲ့ ကျားသစ်မနဲ့ တူနေပြီ"
သူ့ကိုစတယ်။ မျက်ရည်တွေ ပါးပြင်ပေါ် စီးမကျလာခင် အခန်းထဲကနေ
ကျွန်မထွက်လာခဲ့တယ်။


HIV ရောဂါ ထိန်းချုပ်ပေးတဲ့ ဆေးတွေကို ကုတင်(၁၉) နေ့တိုင်းသောက်နေရတယ်။
နေ့တိုင်း သွေးစစ်ရတယ်။ ဆီးစစ်ရတယ်။ ဖြူဖွေးပြည့်ဝတဲ့
သူ့လက်မောင်းနှစ်ခုလုံး လက်ဖဝါးကနေ လက်မောင်းအထိ အပ်ရာတွေနဲ့
ပြည့်နေခဲ့ပါပြီ။ မကျွမ်းကျင်တဲ့ ကျွန်မမှာ ကြောက်စိတ်တွေ ရောပါနေခဲ့လို့
အမြဲတမ်း အပ်ကို တစ်ချက်တည်းနဲ့ မသွင်းနိုင်ခဲ့ဘူး။ ဒါကို သူက တစ်ခါမှ
စိတ်မဆိုးခဲ့တဲ့အပြင် ကျွန်မကို အေးအေးလေး ပြုံးကြည့်နေတတ်တယ်။

သူ့ကို ပြုစုတဲ့ တစ်ပတ်ကျော်ကျော် အတွင်းမှာ သူ့ကို တဖြေးဖြေး
ကျွန်မနှစ်သက်လာမိတယ်။ အခန်းထဲဝင်ရင် အကာအကွယ် ချပ်ဝတ်တန်ဆာတွေကို ကျွန်မ
ဝတ်ဆင်ထားဆဲဖြစ်ပေမယ့် အပ်စိုက်ရာမှာ ပိုတိကျသေချာအောင်
ကျွန်မဂရုစိုက်လာခဲ့တယ်။ သောက်ဆေးတွေကိုလည်း သူမှတ်မိတဲ့အထိ ထပ်သလဲလဲ
မှာဖြစ်ခဲ့တယ်။ တစ်ခါတလေ သူ့အတွက် လတ်ဆတ်တဲ့ နေကြာပန်းတွေကို ဝယ်ပြီး
သူ့ကုတင်ရှေ့မှာ ကျွန်မ ပန်းအိုးထိုးထားတတ်တယ်။

သူ့ကိုယ်ဝန် အနေအထားအားလုံးက ပုံမှန်ဖြစ်တယ်။ ကလေးက အနည်းငယ် ထွားနေပြီး
ခေါင်းပိုင်းက မွေးဖွားရာလမ်းကြောင်းရဲ့ ၁ဝ စင်တီမီတာမှာ ရှိနေခဲ့တယ်။
ဒါပေမယ့် မွေးဖွားရာမှာ ရောဂါမကူးစက်အောင် ဆရာဝန်က ဗိုက်ခွဲမွေးဖို့၊
ခွဲစိပ်မယ့် အစီအစဉ်တွေ အားလုံးကို စီမံထားပြီးဖြစ်တယ်။

မွေးဖွားရက် နီးလာပါပြီ။ ခန့်မှန်းထားတဲ့ မွေးဖွားရက်က
တစ်ပတ်လိုသေးပေမယ့် ၃၁နှစ် သားဦးဖြစ်တာကတစ်ကြောင်း၊ အေအိုင်ဒီအက်စ်
ရောဂါသည် ဖြစ်နေတာကတစ်ကြောင်းမို့ လူနာခန်း၊ ခွဲစိပ်ခန်းကို အသေးစိပ်
ပြင်ဆင်ထားပြီး အဆင်သင့်အနေအထားမှာ နိုးနိုးကြားကြား ရှိနေခဲ့ကြတယ်။

ကုတင်(၁၉)က တည်ငြိမ်လွန်းတယ်။ နေ့တိုင်း စာဖတ်လိုက်၊
သီချင်းနားထောင်လိုက်နဲ့ မွေးဖွားလာမယ့် ရင်သွေးအတွက် စာတွေ၊ ပုံတွေ
ရေးဆွဲနေခဲ့တယ်။ အခုဆို သူ့ခေါင်းအုံးအောက်မှာ စာတွေ တစ်ထပ်ကြီး
ရှိနေပါပြီ။

အရွယ်လွန်မှ ရတဲ့ ကိုယ်ဝန်ဖြစ်တဲ့အပြင် ရောဂါပါ ခံစားနေရပြီး ဘာဖြစ်လို့
ရင်သွေးငယ်အတွက် ဒီလောက်ထိ အားခဲနေရသလဲလို့ သူ့ကို ကျွန်မ မေးခဲ့တယ်။
ကျွန်မမေးတဲ့ အမေးကို သူ မနှစ်သက်ဟန် မပြတဲ့အပြင် " ကလေးက
ရောက်လာခဲ့ပြီပဲလေ။ သူ့အသက်ကို ကျွန်မ မဆုံးရှုံးသင့်ဘူး" လို့
ခပ်ပြုံးပြုံး ပြန်ဖြေခဲ့တယ်။

ဆက်မေးသင့် မမေးသင့် ကျွန်မတစ်ချက်တွေဝေပြီး "တကယ်လို့ ရောဂါကူးခဲ့ရင်
ဘယ်လိုလုပ်မလဲ?" လို့မေးလိုက်မိတယ်။

နေကြာပန်းကို ပွတ်သပ်ကိုင်တွယ်ပြီး တစ်ဖက်လှည့်လိုက်ရင်း "တကယ်လို့
ကျွန်မတို့သာ မစမ်းသပ်ခဲ့ရင် ကလေးအသက်ရှင်ဖို့ အခွင့်အရေးတောင် ရှိခဲ့မှာ
မဟုတ်ဘူး" လို့ သူပြန်ဖြေတယ်။

ကျွန်မစိတ်တွေ ပိုလေးလံလာခဲ့တယ်။ အခန်းက အပ်ကျသံတောင် မကြားရလောက်အောင်
တိတ်ဆိတ်ငြိမ်သက် သွားခဲ့တယ်။ အခန်းထဲကနေ လှည့်ထွက်ဖို့ ကျွန်မပြင်တော့
သူက တိုးညှင်းတဲ့ အသံနဲ့.....

"ကျွန်မတစ်ခုလောက် တောင်းဆိုချင်ပါတယ်။ တကယ်လို့ မွေးဖွားချိန်မှာ
တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မခင်ပွန်းက လူကြီးအသက်ကို လုပါလို့ ပြောလိမ့်မယ်။
ဒါပေမယ့် ကျွန်မရောဂါ အခြေအနေကို နပ်စ်လည်း သိပါတယ်။ ဒါကြောင့်
ဘာပဲဖြစ်ဖြစ် ကလေးကို ပထမဆုံးနေရမှာ ထားပေးပါနော်"

ကျွန်မပါးပြင်ပေါ် မျက်ရည်တွေ အတားအဆီးမဲ့ စီးဆင်းလာခဲ့တယ်။ အော် .....
ဒါကပဲ မိခင်တဲ့လား ?


ရောက်လာမယ့် နေ့ရက်က ရှောင်လွဲလို့ မရအောင် အရောက်လာခဲ့ပါပြီ။ အဲဒီညက
ကျွန်မနိုက်ဂျူတီ ဝင်ရတယ်။ ကုတင် (၁၉)အတွက် ခွဲစိပ်ဖို့ အားလုံး
ပြင်ဆင်ပြီးနေပြီ။ မိုးလင်းခါနီးမှာ ရုံးခန်းက အရေးပေါ် အချက်ပေး
ခေါင်းလောင်းသံတွေ နားကွဲမတတ် ဆူညံမြည်လာခဲ့တယ်။ ကျွန်မချက်ချင်းထရပ်ပြီး
အချက်ပြနံပါတ်ကို ကြည့်လိုက်တယ်။

"ကုတင် (၁၉) ! "

တာဝန်ကျဆရာဝန်တွေကို တစ်ဖက်ကခေါ်ရင်း ကုတင် (၁၉)ဆီ ကျွန်မ အပြေးပြေးလာခဲ့မိတယ်။

မှိန်ဖျော့နေတဲ့ မီးရောင်အောက်မှာ ကုတင်(၁၉)ရဲ့ မျက်နှာက
ဖြူရော်လို့နေတယ်။ စောင်ကို ဆွဲခွာကြည့်လိုက်တော့ ရေမွှာက
ပေါက်နေခဲ့ပါပြီ။ ပိုဆိုးတာက ရေက အနီရောင်ဖြစ်နေတဲ့အတွက်
သားအိမ်အတွင်းမှာ သွေးထွက်နေပြီဆိုတာကို သိလိုက်တယ်။


ကုတင်(၁၉)ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှုတွေ လွှမ်းနေတယ်။ သွေးထွက်ပြီ
ဆိုကတည်းက ကလေးကို ရောဂါကူးစက်နိုင်နှုန်းက ဆတိုးသေချာနေပြီ။ တကယ်တော့
အချင်းက ရောဂါမကူးစက်အောင် ရင်သွေးကို ဖုံးအုပ်ထားနိုင်တယ်။ ဒါပေမယ့်
မွေးဖွားချိန် ထွက်တဲ့သွေးနဲ့ ဓာတ်တစ်မျိုး (Secretions) ကြောင့် ကလေးကို
HIV ကူးစက်နိုင်ပါတယ်။

နာကျင်လွန်းလို့ သူ့နှာဖူးမှာ ချွေးသီးချွေးပေါက်တွေ တွဲခိုနေတယ်။
ခံစားနေရတဲ့ ဝေဒနာကို အံကြိတ်ပြီး ခွဲစိပ်ဖို့ပြင်ဆင်မှုတစ်ချို့ကိ
သူခံယူနေတယ်။ ညအချိန်မို့ ထမ်းစင်က ချက်ချင်းရောက်မလာခဲ့ဘူး။ သူ
စကားတစ်ခွန်းမှမပြောဘဲ ကုတင်ပေါ်က ဆင်းလိုက်တယ်။ သူ့ကိုဖေးမရင်း
သွေးတွေရောနေနဲ့ ရေတစ်ချို့ ဂါဝန်ထဲကနေတစ်ဆင့် ရောင်အမ်းနေတဲ့
သူ့ခြေထောက်ပေါ် စီးကျလာတာကို ကျွန်မတွေ့လိုက်တယ်။

သူဘာကိုမှ ဂရုမစိုက်ခဲ့ဘူး။ ခြေလှမ်းကို မြန်သထက် မြန်အောင်လှမ်းနေတယ်။
သူ့ခြေလှမ်း တစ်စက္ကန့် မြန်ရင် ကလေးအသက်ရှင်မယ်၊ ရောဂါကူးစက်ရာက
လွတ်မယ်လို့ သူမှန်းထားပုံရတယ်။

ခွဲစိပ်ကုတင်ပေါ် သူရောက်တဲ့အချိန် ရေမွှာ ရေက နောက်ကျိနေခဲ့ပါပြီ။ ဒါက
ရင်သွေးငယ် အောက်စီဂျင်ပြတ်နေပြီဆိုတဲ့ လက္ခဏာဖြစ်တယ်။ ထုံဆေးဆရာက သူ့ကို
ထုံဆေးထိုးပေးပြီး ကျွန်မတို့က သူ့ရဲ့ သတိလည်နှုန်းကို
စတင်စမ်းသပ်ခဲ့ကြတယ်။

ခက်တာက အချိန် ၃ မိနစ်ကျော်လွန်သွားပေမယ့် သူနိုးကြားနေတုန်းပဲ။

"နာလိုက်တာ" လို့ သူ ရေရွတ်နေတယ်။

ထုံဆေးဆရာ ချွေးပြန်စပြုလာပါပြီ။ သူ့ထုံဆေး အစွမ်းမပြတဲ့ လူနာဆိုလို့
ဒါပထမဆုံးအကြိမ် ကြုံတာပါပဲ။ ဒါပေမယ့် ကလေးအခြေအနေက ထုံဆေးထပ်ပေးလို့
မသင့်တဲ့အခြေအနေကို ရောက်နေပါတယ်။

ကျွန်မရဲ့လက်ကို သူ့တင်းတင်းလေး ဆုပ်ကိုင်ထားတယ်။ တိုးလျှိုးတောင်းပန်တဲ့
မျက်လုံးနဲ့ ဆရာဝန်တွေကို ကြည့်နေတယ်။ ပါးစပ်ကလည်း " ကျွန်မ ကလေးကို
ကယ်ပါ.... ကျွန်မကို ဂရုမစိုက်ပါနဲ့... ကျွန်မ ကလေးကို ကယ်ပါ" လို့
တိုးတိုးလေး တောင်းဆိုနေခဲ့တယ်။

အချိန် ၁ မိနစ် လွန်မြောက်သွားခဲ့ပါပြီ......

ကုတင်(၁၉)ရဲ့ ခြေလက်တွေကို ကုတင်နဲ့ ကပ်ချည်ထားလိုက်တယ်။ ထုံဆေးဆရာကလည်း
ဆေးထိုးအပ်ကို အသင့်ပြင်ထားပြီးပြီ။ ခွဲစိတ်မှူးဆရာဝန်ကလည်း အံကြိတ်လို့
ခွဲစိပ်ဖို့ရာ လက်တွန့်နေခဲ့တယ်။

ဒါ ကျွန်မနပ်စ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက် "သားဖွားမီးယပ်ပါရဂူ" အဖြစ်
နာမည်ကြီးတဲ့ ဆရာဝန်ရဲ့ မျက်နှာပေါ်က မျှော်လင့်ချက်မဲ့အရိပ်ကို
ပထမဦးဆုံး မြင်ဖူးခြင်းပါပဲ။

ခွဲစိပ်ဓားတွေက ထုံဆေးမစွမ်းတဲ့ ကုတင်(၁၉)ရဲ့ ဗိုက်ပေါ် ခွဲချလိုက်တယ်။
ဗိုက်အရေခွံ အဲဒီနောက် အဆီထပ်၊ ကြွက်သား၊ အချွဲ (Mucosa)၊ သားအိမ်....
ကုတင်(၁၉) ကျွန်မလက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ။ မပီမသ
စကားသံတစ်ချို့နဲ့ ရင်ကွဲလုမတတ် အော်မြည်သံတစ်ချို့ သူ့ပါးစပ်မှာ
ကိုက်ထားတဲ့ ပုဝါကြားကနေ ပလုံးပထွေးထွက်လာခဲ့တယ်။

ခန္ဓာတစ်ခုလုံးက ကုတင်ပေါ်မှာ တစ်ဆတ်ဆတ် တုန်လို့..... အကြောတွေပါ
လိမ်ဆွဲနေတယ်။ သူ့မျက်နှာဟာ နာကျင်လွန်းလို့ ပုံစံပြောင်းနေတယ်။ ကျွန်မ
မကြည့်ရက်ဘဲ မျက်နှာလွဲလိုက်တယ်။ မျက်ရည်တွေ ပါးပြင်ပေါ်
လှိမ့်ဆင်းလာခဲ့ပါတယ်။

ဒါဟာ ဘယ်လိုနာကျင်မှုမျိုးလဲ ! ဒါဟာ ဘယ်အရာနဲ့ နိုင်းပြလို့ရတဲ့ မိခင်မေတ္တာမျိုးလဲ !

နောက်ဆုံး ကလေးကို ဝမ်းထဲကနေ ဆွဲထုတ်ယူနိုင်ခဲ့တယ်။ ကလေးမျက်နှာက
ပြာနှမ်းနေပါပြီ။ ချက်ကြိုးက လည်ပင်းကိုပတ်နေတာကြောင့်
အောက်စီဂျင်ပြတ်ပြီး ပြာနှမ်းခဲ့ပုံရတယ်။

တအောင့်ကြာတော့ ချွေးတွေ ရွှဲနစ်နေတဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံး
ပျော့ခွေကျသွားတယ်။ ဆရာဝန်က ကလေးငယ်ကို ခြေထောက်ကကိုင်ပြီး ကျောကို
တစ်ချက်နှစ်ချက် ပုတ်ပေးလိုက်တယ်။ ပါးစပ်ထဲဝင်နေတဲ့ အညစ်အကြေးတစ်ချို့
အန်ထွက်လာပြီးနောက် ကလေးရဲ့ ပထမဆုံးငိုသံ ထွက်ပေါ်လာခဲ့တယ်။
ငိုသံကတိုးညှင်းပေမယ့် ကြည်လင်နေတယ်။

သတိလက်လွတ် ဖြစ်ခါနီးဆဲဆဲ မိခင်က ကလေးငိုသံကို ကြားလိုက်မိလို့ ထင်ပါရဲ့
ကလေးဖက်ကို အားယူပြီး မျက်လုံးတစ်ချက် ဖွင့်ကြည့်လိုက်တယ်။ အဲဒီနောက်
မျက်ခွံတွေ လုံးဝပိတ်ကျသွားခဲ့တယ်။ သူ့ကိုယ်ပေါ် ပတ်ထားတဲ့ ခါးပတ်တွေကို
ကျွန်မဖြုတ်ပေးလိုက်တယ်။ သူ့လက်ကောက်ဝတ်တွေ၊ ခြေကျင်းဝတ်တွေ
ညိုမည်းပွန်းပဲ့ကုန်ပြီး သွေးတွေ ထွက်နေတာကို ကျွန်မတွေ့လိုက်တယ်။
အဆုပ်ကိုင်ခံထားရတဲ့ ကျွန်မရဲ့ လက်လည်း အရိုးတွေ ကျိုးကြေမတတ်
နာကျင်လို့နေတယ်။

ကုတင်(၁၉) အားယူပြီး ဖွင့်ကြည့်ခဲ့တဲ့ အကြည့်တစ်ချက်က
ကိုယ့်ရင်သွေးငယ်ကို နောက်ဆုံးကြည့်ခြင်းမှန်း ကျွန်မလုံးဝ
တွေးမထားခဲ့မိဘူး။ အဲဒီ ဖော်ရွေမှု အပြုံးတွေပါတဲ့ သူ့မျက်လုံးဟာ
ပိတ်ကျသွားပြီးနောက် လုံးဝ ပြန်ဖွင့်မလာခဲ့တော့ပါဘူး။

၃ရက်အကြာမှာ ခွဲစိပ်မှုကြောင့် သွေးမသန့်ဖြစ်တာရယ်၊ ပေးထားတဲ့ antibiotics
အကျိုးမပြုတာရယ်ကြောင့် လူ့လောကကို သူရာသက်ပန် ခွဲသွားခဲ့တယ်။

ကံကောင်းတာက မွေးထွက်လာတဲ့ ကလေးလေးက HIV negative ဖြစ်နေတယ်။ ကျွန်မတို့
ဆေးပညာမှာ အောင်မြင်တဲ့ ကုသမှုတစ်ခုအဖြင့် အသိအမှတ်ပြုမိပါတယ်။
အေအိုင်ဒီအက်စ် ရောဂါရ မိခင်တစ်ဦးကနေ ကျန်းမာတဲ့ ကလေးငယ်
မွေးထုတ်နိုင်ခဲ့တဲ့အတွက် သတင်းစာအချို့နဲ့ သတင်းဌာနက လူတွေ လာရောက်
မေးမြန်းကြမယ်လို့ ကျွန်မတို့ ကြားမိပါတယ်။

လူနာနေခဲ့တဲ့ အခန်းကို ကျွန်မဝင်ရှင်းတော့ ကုတင်(၁၉)ရဲ့
ခေါင်းအုံးအောက်မှာ ကလေးအတွက် ရေးခဲ့တဲ့ စာတွေကို ကျွန်မတွေ့လိုက်မိတယ်။
စာတွေအပြင်၊ ရုပ်ပုံတွေပါ ဆွဲထားသေးတယ်။ ပထမဆုံးပုံက နေလုံးကြီးပုံကို
ဆွဲထားတယ်။ နေရောင်အောက်မှာ လက်ကလေးတစ်စုံ... အဲဒီအောက်မှာ ကလေးအတွက်
စာတစ်ကြောင်းရေးထားပါတယ်။

"သားရေ..... ဘဝဆိုတာ နေမင်းကြီးနဲ့တူတယ်။ ဒီနေ့ နေဝင်ခဲ့ရင် မနက်ဖြန်
ပြန်တက်လာစမြဲပဲ။ ဒါပေမယ့် နေမင်းကြီးက နေ့တိုင်းတော့ မတူနိုင်ဘူး"

စာကြောင်းရဲ့ အောက်မှာ သပ်ရပ်လှပတဲ့ နာမည်လေးတစ်ခု ထိုးထားတယ်။ သူ့ကို
ကုတင်(၁၉)လို့ပဲ ကျွန်မခေါ်ခဲ့မိတဲ့အတွက် ပထမဆုံးအကြိမ် ကျွန်မ
နောင်တရမိခဲ့တယ်။

ကလေးလေး ဆေးရုံဆင်းတော့ ကလေးအဖေကို ရေးထားတဲ့ စာတွေအားလုံး
ကျွန်မအပ်လိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်တွေနဲ့ နီရဲနေခဲ့တယ်။
ကလေးငယ်ကလည်း သူ့မိခင် မရှိတော့မှန်း သိတဲ့အလား တစ်ဝါးဝါးနဲ့
အော်ငိုနေခဲ့တယ်။

နေမင်းကြီးပုံ ဆွဲထားတဲ့ ပုံကို ကလေးရှေ့မှာ ကျွန်မဝှေ့ယမ်းပြလိုက်မိတယ်။
ကလေးငယ်ဟာ ငိုရာက ချက်ချင်းတိတ်ပြီး လက်ကလေးကို ဆန့်လို့ ......
ကျွန်မလက်ထဲက စာရွက်ကို လှမ်းဆုတ်ကိုင်လိုက်တော့တယ်။
အပြည့်အစုံဖတ်ရန်...

ဆောင်းတွင်းအိပ်မက်

ဆောင်းတွင်းအိပ်မက်


စူးရှလွန်းလှသော အသံကြောင့် ကျွန်တော် လန့်နိုးလာခဲ့တယ်။ ပတ်ဝန်းကျင်ကို
ကြည့်လိုက်တော့ လေယာဉ်တစ်စင်းပေါ်ရောက်နေခြင်းပါ
။ ဘေးမှာက
တရုတ်မလေးတစ်ယောက်။ ကျွန်တော်က ဒီလေယာဉ်က ဘယ်ကိုသွားမှာလဲလို့
တရုတ်လိုမေးလိုက်တော့ သူက အမေရိကားကို သွားနေတာလို့
ရုရှလိုပြန်ပြောနေတယ်။ အဲဒီအချိန်မှာ မုန့်စိမ်းပေါင်းတစ်ထုပ်နဲ့
မကျည်းဖျော်ရည်တစ်ခွက် ကျွန်တော့်ရှေ့ကို လာချတာတွေ့လို့ ကြည့်လိုက်တော့
J-Lo ဖြစ်နေတယ်။ သူက လိုတာရှိရင် မှာပါလို့ မြန်မာလို့လည်း
ပြောလိုက်သေးတယ်။ ကျွန်တော်လည်း စားမလို့ ဇွန်းနဲ့ ခရင်းကို
ကိုင်ကာရှိသေးတယ် လေယာဉ်က သင်္ဘောဆိပ်ကမ်းကို လာကပ်တယ်။

လေယာဉ်ပေါ်က ဆင်းတော့ အမေရိကားလေဆိပ်မှာ ဆာရီခြုံထားတဲ့ ကုလားမလေးတွေ
အများကြီး လာကြိုနေတယ်။ ကျွန်တော်လည်း ကော်ဇောနီကြီးပေါ်မှာ
ဖြတ်လျှောက်ရင်း အားလုံးကို လက်ပြနှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ လေဆိပ်က
ထွက်တော့ ကားမှတ်တိုင်မှာ ဘတ်စ်ကားတစ်စီးကို အဆင်သင့်တွေ့တာနဲ့
အမြန်ပြေးတက်ပြီး လိုက်သွားတယ်။ ကျပ်လိုက်တဲ့ကားဗျာ..။ ခြေချစရာတောင်
နေရာမရှိဘူး။ သွားနေတဲ့ လမ်းကလည်း ဆိုးမှဆိုး ။ မုန့်လင်မယားအိုးက
အဘားအဘား ခေါ်လောက်တယ်။ စပယ်ယာကလည်း ဆိုးလိုက်တဲ့ အပေါက်။ ကားပေါ်က
လှမ်းကြည့်တော့ ပီဇာဆိုင် တစ်ဆိုင်ကိုတွေ့တာနဲ့ ကားပေါ်ကနေ
အတင်းတိုးဆင်းမိတယ်။ ဗိုက်ကလည်း ဆာလာသလိုလိုဆိုတော့လေ။
ကားပေါ်ကဆင်းပြီးတော့ ဒီလောက်ကျပ်တဲ့ကား ဘာကားပါလိမ့်လို့ သိချင်တာနဲ့
ကားကို တစ်ချက်ကြည့်လိုက်တယ်။ မထသ ၃၉ ။ ကျွန်တော် စိတ်ဓါတ်ကျသွားတယ်။
မြန်မာနိုင်ငံမှာဆို ဒီလိုမဟုတ်။

လမ်းလျှောက်ပြီး ပီဇာဆိုင်ထဲဝင်လိုက်တော့ ဆိုင်ထဲမှာ လူတစ်ယောက်မှ မရှိ။
ဆိုင်ရှင်က ငြီးငြူနေတယ်။ ဆိုင်ရောင်းရတာ အလုပ်မဖြစ်ကြောင်း။ ဘာအခွန်
ညာအခွန် နဲ့ လာလာကောက်တာတွေ များနေကြောင်း။ အရင်တုန်းက အမေရိကားနဲ့
မတူကြောင်း။ သူ့သားနှစ်ယောက်ကိုတောင် ခု အရမ်းတိုးတက်လာတဲ့
မြန်မာနိုင်ငံကို လွတ်ဖို့ စဉ်းစားနေကြောင်း။ ခုနောက်ပိုင်း
မြန်မာနိုင်ငံကို သွားဖို့ မလွယ်ကြောင်း။ အေးဂျင့်တွေကလည်း
စိတ်မချရကြောင်း။ အမေရိကားမှာ ရတဲ့ ၀င်ငွေနဲ့ မိသားစု
စားလို့မလောက်ကြောင်း။ ခုနောက်ပိုင်း အမေရိကက လူငယ်တော်တော်များများလည်း
မြန်မာနိုင်ငံကို အထွက်များကြောင်း အများကြီးပြောပြနေတယ်။ ကျွန်တော်လည်း
သူပြောတာကို အီကြာကွေးနဲ့ လက်ဖက်ရည်ကျဆိမ့် တစ်ခွက်သောက်ရင်း
နားထောင်နေလိုက်တယ်။

ပီဇာဆိုင်က ပြန်ထွက်လာတော့ လမ်းမှာ ဘုန်းကြီးတွေ အများကြီးကို တွေ့ရတယ်။
ကျွန်တော်ဘက်ကို ပြေးလာနေကြတယ်။ အနောက်မှာ နေတိုးတပ်ဖွဲ့တွေက အတင်း
လိုက်နေကြတယ်။ ကျွန်တော်လည်း ဘာမှန်းမသိပဲ မေတ္တာသုတ်ကို ရွတ်နေမိတုန်း
စစ်သားတစ်ယောက်က ကျွန်တော့်ကိုဂုတ်ကနေ လာဆွဲခေါ်သွားတယ်။ နောက်
ကျွန်တော်ကို အိုဘားမားနဲ့ တွေ့ခိုင်းတယ်။ အိုဘားမားက
မာမူသတင်းထောက်ကြီးကို လမ်းမလည်ကောင်မှာ သေနတ်နဲ့ ပစ်တာ ကျွန်တော်ပါလို့
စွပ်စွဲတယ်။ ကျွန်တော်လည်း ရပ်ကွက်ကပေးတဲ့ ပြစ်မှုကင်းရှင်းကြောင်း
ထောက်ခံစာကို ပြလိုက်တော့ ပြန်လွတ်ပေးလိုက်တယ်။ ဆက်သွားရင်းနဲ့
ဟိုတယ်တစ်ခုရှေ့ရောက်တော့ အနားယူချင်စိတ် ဖြစ်လာတာနဲ့
ဟိုတယ်ပေါ်ကိုတက်တော့ မီးက ပြတ်သွားတယ်။ ဟိုတယ်က ကုလားလေးတွေကို
မေးကြည့်တော့ အမေရိကားမှာ ခု မီးက အလှည့်ကျလာနေတယ်လို့ပြောတယ် ဒီနေ့က
မီးပြတ်ရက်တဲ့။ စိတ်ကုန်လိုက်တာဗျာ..။

ကျွန်တော်လည်း အမေရိကားမှာ ဒီလောက်ဆိုးရွားနေတာ မနေချင်တော့တာနဲ့
မြန်မာနိုင်ငံကို ပြန်ဖို့ ပတ်စပို့သွားလုပ်တယ်။ တိုးလိုက်ရတာဗျာ။
စောင့်ရတာလည်း ပြောမနေနဲ့တော့။ ဒါနဲ့ စိတ်ပြေလက်ပျောက်ဆိုပြီး IC
ရှိုးသွားကြည့်တယ်။ စင်ပေါ်မှာ ဆိုနေသူက ပိုးအိစံ ။ သူက `အချစ်ဆိုတာ
ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ ´လို့ ဆိုနေတုန်းမှာပဲ မျိုးကြီးက
စင်ပေါ်တက်လာပြီး `ရယူခြင်းမဟုတ်ရင် အချစ်က ဘာလဲ´ ဆိုပြီး တက်ဆိုပြီးတော့
ထချကြတာ နောက်ဆုံးတော့ ဒွေးသေသွားခဲ့တယ်။ ဒါနဲ့ ကျွန်တော်လည်း
ပတ်စပို့ရုံးကို ပြန်သွားပြီး တာဝန်ရှိသူတွေကို စာအိတ်လေးပေးလိုက်တာ
ပတ်စပို့တန်းရတာပဲ။ ပြန်ရတော့မယ်ဆိုတော့ အွန်စောလေးကို သွားနှုတ်ဆက်တော့
ဖက်ဖက်ပြီး ငိုလိုက်တာကို ပြောမနေနဲ့တော့။ ကျွန်တော်လည်း နှစ်သိမ့်ရင်း
ပုခုံးလေးကို ကိုင်ပြီး ပါးလေးကို နှုတ်ခမ်းလေးနဲ့ ကပ်လိုက်တုန်း….

ဒုံး……
အပြည့်အစုံဖတ်ရန်...

ဆရာကောင်း

ဆရာကောင်း

မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို
ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို
ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့
အားနည်းချက်လို့  ဆိုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့
ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို
့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ...
ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ
့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ
့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင် စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ
မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က...
လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို
ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို...
ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”

“တိန်…”
အပြည့်အစုံဖတ်ရန်...

လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက

လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်
တစ်ခါက ဤလောကရဲ့ တစ်နေရာမှာ သားအဖနှစ်ယောက် ရှိလေသတဲ့။
တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေက
များနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို
လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း
သမီးမှာ မောလှပါပြီ။ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခု ပြေလည်သွားလို့မှ
မနားရသေးဘူး၊ နောက်ထပ် ပြဿနာတစ်ခုက ထပ်တက်လာနဲ့၊ ဘ၀ဆိုတာ ဒုက္ခတွင်းကြီးထဲ
စောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်။ သမီးတော့ စိတ်ညစ်တယ်။
လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။

ဖအေလုပ်တဲ့သူက စားဖိုမှူးကြီးပါ။
သမီးကလည်း အဲသလို ညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီးကို
လက်ဆွဲပြီး မီးဖိုချောင်းထဲ ခေါ်သွားတယ်တဲ့။ ပြီးတော့ အိုးသုံးလုံးထဲကို
ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။ မကြာပါဘူး၊
မီးတွေကပြင်းတော့ သုံးအိုးစလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။
ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို
ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေ ထည့်လိုက်ပါတယ်။
ပြီးတော့ အိုးတွေကို သည်အတိုင်း ဆက်တည်ထားလိုက်တယ်။ စကားတော့
တစ်လုံးမှာမပြောဘူး။
သမီးလုပ်တဲ့သူက ဖေဖေ့နှယ် ဘာတွေများလုပ်နေပြန်တာလဲလို့တွေ
းရင်း
စိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာကိုမဆိုအကြောင်းမဲ့ မလုပ်တတ်တဲ့
ဖအေ့အကြောင်းကို သိထားတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲ
စောင့်နေရပါတော့တယ်။
ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ကြီး
ပထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်၊ နောက်တစ်အိုးထဲက
ကြက်ဥတွေကိုလည်း ဆယ်ပြီး တစ်ခြားပန်းကန်တစ်လုံးထဲထည့်တယ်။ နောက်ဆုံးအိုးထဲက
လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဘက်
လှည့်တဲ့ပြီး မေးလိုက်တယ်။
“ကဲ…သမီးလေးရေ၊ ဒါတွေက ဘာတွေလဲ…”
“မုံလာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ”
သမီးက အဲလိုဖြေလိုက်တော့ ဖအေက သမီးကို သူ့နားလာခိုင်းပြီး မုံလာဥတွေကို
စမ်းခိုင်းတယ်၊ သမီးက ဖအေခိုင်းတဲ့အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့
ထိုးကြည့်လိုက်ပြီးတဲ့နောက် “ဖေဖေ့ မုံလာဥတွေကလည်း
ပျော့ပြဲနေပြီ…”လို့ပြောလိုက်ပါတယ်။
ဖအေက သမီးစကားကို အမှုမထားဘဲ ကြက်ဥပြုတ်တစ်လုံးကို ယူပြီး သမီးကို
ခွဲခိုင်းပြန်တယ်၊ အပေါ်က အကာကိုခွါလိုက်တဲ့အခါမှာတော့
ကောင်းကောင်းကြီးကျက်နေပြီးဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။
နောက်ဆုံးမှာတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ဖအေက ခိုင်းလိုက်ပြန်တယ်။
သမီးလုပ်တဲ့သူက ပြုံးလိုက်ရင်းကနေ ဖအေခိုင်းတဲ့အတိုင်း
အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့
မြည်းလိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီး အရသာရှိတဲ့
လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။
“ဖေဖေ ဘာကို ပြောချင်တာလဲဟင်….”
လက်ဖက်ရည်ကြမ်းကို အရသာခံရင် သမီး မအောင့်နိုင်တော့ဘဲ မေးလိုက်မိပါတော့တယ်။
ဖအေက ရှင်းပြတယ်။
“မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့ မတူတဲ့ အရာသုံးမျိုးဟာ တူညီတဲ့
ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်းတည်း၊ တစ်ညီတည်း
ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။
“မုံလာဥဟာ ရေနွေးပူထဲ မရောက်ခင်တုန်းကတော့ သန်သန်မာမာ၊
တောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ…ဒါပေမယ့် ရေနွေးနဲ့လည်း အပြုတ်ခံလိုက်ရရော
တစ်ခါတည်းကို ပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ…”
“ကြက်ဥကကျတော့ ရေနွေးထဲမရောက်ချင်က အထိမခံဘူး။ ထိလိုက်တာနဲ့ ဖတ်ခနဲကွဲမှာ
အသေအချာနော်။ အပေါ်ခွံပါးပါးလေးက အထဲက အရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားရတဲ့
အနေအထားပေါ့။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေး နေလိုက်ရရော
အဲသည်ပျော့အိအိအတွင်းသားတွေအားလုံး မာကုန်တာပဲ မဟုတ်လား သမီးရဲ့…”
“အေး…လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်း ရောက်သွားရော
အဲသည်ပွက်ပွက်ဆူနေတဲ့ ရေကိုပါ လက်ဖက်ရည်အဖြစ် ပြောင်းလဲ ပစ်လိုက်တယ်…”
“ကဲ..အမေ့ သမီးကရော ဘာလဲ၊ မုံလာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား၊
လောကဓံဆိုတာတော့ လူတိုင်းရင်ဆိုင်ကြရတာပဲ သမီး။ အဲသည် လောကဓံနဲ့ နဖူးတွေ့၊
ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုံလာဥလို
တုံ့ပြန်မလား၊ ကြက်ဥလို တုံ့ပြန်မလား၊ လက်ဖက်ခြောက်လို တုံ့ပြန်မလား
သမီးဘာသာစဉ်းစား ပေတော့ကွယ်…”
ပုံပြင်လေးကတော့ ဒါပါပဲ။
စာဖတ်သူ သူငယ်ချင်းကရော ဘယ်လိုပါလဲ။
အပြင်ပန်းအမြင်မှာတော့ မုံလာဥလို မာမာကျောကျော တောင့်တောင့် တင်းတင်းကြီးနဲ့၊
လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့ အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီး
အားကုန်သွားမယ့် လူစားမျိုးပါလား။
ဒါမှမဟုတ် ကြက်ဥလို လူစားလား၊ အစတုန်းကတော့ ထိလွယ် ရှလွယ်တယ်၊ စိတ်ကလည်း
ပျော့တယ်၊ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲ ကွဲတာလို၊ စီးပွားရေးစသည်
ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန် ခံစားရပြီးတဲ့ နောက်မှာတော့
နင်လားဟဲ့….လောကလဓံဆိုတဲ့ စိတ်ဓာတ်၊ ထီမထင်တဲ့ စိတ်ဓာတ်နဲ့ မာကျောကျော၊
တောင့်တင်းတင်းကြီး ဖြစ်သွားမယ့် လူစားမျိုးလား၊ မပြုတ်ခင် ကြက်ဥနဲ့
ပြုတ်ပြီးသား ကြက်ဥလိုပဲ၊ အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာ
ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့ လူစားမျိုး ဖြစ်နေမှာလား။
ဒါမှမဟုတ် စာဖတ်သူ သူငယ်ချင်းဟာ လက်ဖက်ခြောက်လို လူမျိုးလား။ ရေပူကိုပေမယ့်
အသွင်ပြောင်းပေးနိုင်တာမျိုးလေ၊ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊ ပွတ်လေလေ
လက်ဖက်ရည် အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လို လူဆိုတာကလည်း ဒုက္ခသုက္ခတွေ
အရှိန်တက်လေလေ အရည်အချင်းတွေ ပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက်
ပိုကောင်းတဲ့အခြေနေကို ဖန်းတီးပေးနိုင်သူ ဖြစ်နေပါလိမ့်မယ်။
ကဲ….ဒီစာဖတ်သူ သူငယ်ချင်း လောကဓံကို ဘယ်လိုရင်ဆိုင်မယ် စိတ်ကူးပါသလဲ။
ကိုယ့်ဘာသာ ဆင်ခြင်ပိုင်းဖြတ်လိုက်ကြရုံပါပဲ။



--
အပြည့်အစုံဖတ်ရန်...

သဲပြင် သို့မဟုတ် ကျောက်တုံးပေါ်မှာရေးမလား ............ By ချော (အစိမ်းရောင်လွင်ပြင်)

TUN WIN

သဲပြင် သို့မဟုတ် ကျောက်တုံးပေါ်မှာရေးမလား ............ By ချော (အစိမ်းရောင်လွင်ပြင်) .....

တစ်ခါတုန်းက အရမ်းခင်မင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ်.. သူတို့၂ယောက်ဟာ သဲကန္တာရကြီး တစ်ခုကို ခြေကျင် ဖြတ်ကျော် နေကြပါတယ် ခရီးလမ်း တစ်နေရာမှာ သူငယ်ချင်း၂ယောက် အငြင်းအခုံ ဖြစ်ကြပါတယ်.. စကားများကြရင်း ဒေါသတွေ ပါလာပြီး သူငယ်ချင်း တစ်ယောက်က တစ်ခြားတစ်ယောက်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်ပါတယ်.. အရိုက် ခံလိုက်ရတဲ့ တစ်ယောက်က ဘာမှပြန်မလုပ်၊ ဘာမှပြန်မပြောဘဲ သဲပြင်ပေါ်မှာ စာရေးချလိုက်ပါတယ်..


ဒီနေ့….. ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းက ငါ့မျက်နှာကို ရိုက်တယ် …


ဒီလိုနဲ့ သူတို့နှစ်ယောက် ရှေ့ကို ခရီးဆက်ကြပါတယ်.. အိုအေစစ်လေးတွေ့တော့ ခနတစ်ဖြုတ် ရပ်နားပြီး ရေချိုးကြဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ရေချိုးဖို့ ရေထဲ အဆင်းမှာ မျက်နှာကို အရိုက်ခံထားရတဲ့ သူငယ်ချင်းက နွံထဲမှာ ခြေထောက် နစ်သွားပါတယ်.. ရုန်းလေနစ်လေ ရုန်းလေနစ်လေ ဖြစ်နေတဲ့ သူ့ကို သူငယ်ချင်းက ကယ်တင် လိုက်ပါတယ်.. ကမ်းပေါ်မှာ နှစ်ယောက်သား အနားယူကြရင်း ရေနစ်တဲ့ သူငယ်ချင်းက ကျောက်တုံး တစ်တုံးကို ယူလိုက်ပါတယ်.. ပြီးတော့ ကျောက်တုံး ပေါ်မှာ စာတစ်ကြောင်း ရေးထွင်းလိုက်ပါတယ်..

ဒီနေ့….. ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းက ငါ့အသက်ကို ကယ်လိုက်တယ်…..

သူ့မျက်နှာကို ရိုက်ခဲ့ပြီးမှ အခု အသက်ပြန်ကယ်လိုက်တဲ့ သူငယ်ချင်းက မေးပါတယ်…

“ ငါ မင်းမျက်နှာကို ရိုက်တုန်းကတော့ သဲပေါ်မှာ စာရေးတယ်.. အခု ကျတော့ ကျောက်တုံးပေါ်မှာ ရေးတယ်. အဲဒါ ဘာသဘောလဲကွာ.. ”

ကျောက်တုံးပေါ်မှာ ထွင်းရေးနေတဲ့ သူငယ်ချင်းက ပြုံးပြီး ပြန်ဖြေပါတယ်..
“တစ်ယောက်ယောက်က ကိုယ့်ကို နာကျင်အောင် လုပ်ခဲ့ရင် သဲပြင်ပေါ်မှာဘဲ ချရေးသင့်တယ်.. ဒါမှလဲ ခွင့်လွှတ်ခြင်းဆိုတဲ့ လေကလေး တိုက်ခတ်လာတဲ့အခါ ရေးထားတဲ့စာ အားလုံး လွှင့်ပျောက် သွားနိုင်တယ်လေ… ဒါပေမဲ့ တစ်ယောက်ယောက်က ကိုယ့်အပေါ်မှာ ကောင်းတာ လုပ်ပေးခဲ့တယ်.. အကူအညီပေးခဲ့တယ် ဆိုရင် အခုလို ကျောက်တုံးပေါ်မှာ ထွင်းထားရမယ် .. ဒီလို ထွင်းထားတဲ့အတွက် ဘယ်လို လေမုန်တိုင်း မျိုးဘဲ ဖြစ်စေ ပျောက်ပျက်အောင် လုပ်နိုင်ဖို့ မလွယ် တော့ဘူးလေ… ဘယ်လိုအရာကမှ ပျက်သွားအောင် မလုပ်နိုင်တော့ဘူးပေါ့”

ပုံပြင်လေးက ဒီလောက်လေးပါဘဲ … ဒါပေမဲ့ ဒီပုံပြင်နဲ့ ဆက်စပ်ပြီး စဉ်းစားစရာတွေက အများကြီးပါနော်… ကျွန်မတို့ရဲ့ ဘ၀မှာ သူငယ်ချင်း မိတ်ဆွေတွေဆီက အကူ အညီတွေ ရခဲ့ကြဖူးမှာပါ….. အဲလိုရခဲ့ဖူးတဲ့ အကူအညီ တွေအတွက် အမြဲတမ်း သတိတရနဲ့ ရှိနေခဲ့ကြပါရဲ့လား… ခနလေးနဲ့ဘဲ မေ့ပျောက်ပစ်လိုက်ကြ ပါပြီလား… ဘ၀မှာ ကိုယ့်အပေါ် အးဆိုးတွေနဲ့ ဆက်ဆံခဲ့သူတွေ ရှိသလို ၊ ကိုယ့်ကို စာနာ နားလည် ကူညီတတ်တဲ့ သူငယ်ချင်းမိတ်ဆွေကောင်းတွေလဲ မထင် မှတ်တဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်..

ကျွန်မတို့တွေက ကိုယ့်အပေါ်ကို ရက်စက်သွားတဲ့၊ ကိုယ့်အပေါ် နာကျင်အောင် လုပ်သွားတဲ့ သူတွေကိုသာ ခံပြင်း နာကျည်းစိတ်နဲ့၊ ဒေါသ အငြိုးအတေးစိတ် တွေနဲ့ မမေ့နိုင်အောင် ရှိနေခဲ့ကြပေမဲ့ ၊ ကိုယ့်အပေါ် အရမ်းကောင်းတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ့်ကို ကျေးဇူး ပြုခဲ့ဖူးသူတွေကိုတော့ အမှတ်တမဲ့နဲ့ နေတတ်ကြပါတယ်.. အမှန်အားဖြင့်တော့ အငြိုးအတေးနဲ့ ဒေါသစိတ်တွေဟာ လူကို ပူလောင်စေသလို ကိုယ့်အတွက်လည်း အကျိုးမရှိပါဘူးနော်.. ဒီတော့ တစ်ယောက်ယောက်ကများ ကိုယ့်ကို ထိခိုက် နာကျင်အောင် လုပ်ခဲ့ရင် သဲပြင်ပေါ်မှာ ရေးမှတ်ထားလိုက်ပါရှင်.. မကြာခင်မှာ မေ့ပျောက် သွားပါလိမ့်မယ်… ကိုယ့်အပေါ် သိပ်ကောင်းတဲ့ သူငယ်ချင်းမိတ်ဆွေများ ၊ ကျေးဇူး ရှိခဲ့ဖူးသူများကိုတော့ ဘယ်သောခါမှာ မမေ့ပျောက်ဖို့အတွက် နှလုံးသား ကျောက်တုံးပြင်ပေါ်မှာ ရေးထွင်းထား ကြရအောင်လားရှင်….



မူရင်း Motivational blog မှ “Sand and Stone” ကို ဘာသာပြန် ဝေငှပါတယ်ရှင် ………..




အေးချမ်းကြပါစေ



ချော (အစိမ်းရောင်လွင်ပြင် )




ဲ့









အပြည့်အစုံဖတ်ရန်...

စကားဆုံးအောင်ပြောခွင့်ပေးပါ

စကားဆုံးအောင်ပြောခွင့်ပေးပါ

ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

ငါးနှစ်အရွယ် သားငယ်ကို မိခင်ဖြစ်သူက "သား.. သားနဲ့မေမေတို့ အပြင်ထွက်လည်ကြတဲ့အချိန် မေမေတို့ ရေအရမ်းငတ်ပြီး ရေဗူးလဲမပါခဲ့ဘူးဆိုပါစို့။ ဒါပေမယ့် သားလွယ်အိတ်ထဲမှာ ပန်းသီးနှစ်လုံး ရှိနေခဲ့တယ်ဆိုရင် သားဘာလုပ်မလဲ?" လို့ မေးခဲ့တယ်။

"ပန်းသီးနှစ်လုံးကို သားတစ်ကိုက်စီ ကိုက်ပစ်မယ်" သားက ခေါင်းလေးစောင်းပြီး စဉ်းစားရင်း ပြန်ဖြေတယ်။

သားအဖြေက မိခင်ဖြစ်သူကို မျှော်လင့်ချက်မဲ့စေတယ်ဆိုတာကို မပြောလည်း သိကြပါလိမ့်မယ်။ မိခင်က တစ်ခြားမိဘတွေလို သားကိုအပြစ်တင်စကားပြောမယ်၊ နောက်ပြီး သားကို ဘယ်လိုလုပ်သင့်တယ်လို့ ပြောဆိုဆုံးမမယ်လို့ စိတ်ကူးပြီး စကားစဖို့ပြင်တယ်။ ဒါပေမယ့် စကားမစခင် မိခင်ကရုတ်တရက် အကြံပြောင်းသွားပြီး သားမျက်နှာကို ပွတ်သပ်ရင်း ပြန်မေးတယ်။

"သား... သားဘာဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုတာ မေမေကိုပြောပြနိုင်မလား?"

"ဟို.. ဟို အချိုဆုံးတစ်လုံး မေမေ့ကိုပေးမလို့ပါ" သားက မျက်လုံးလေးပုတ်ခတ် ပုတ်ခတ်နဲ့ အပြစ်ကင်းကင်း ပြန်ဖြေတယ်။

မိခင်ရဲ့မျက်လုံးအိမ်ထဲမှာ ဝမ်းသာတဲ့မျက်ရည်တွေ လက်ခနဲ့ထသွားခဲ့တယ်။

အဲဒီမိခင်ကို ကံကောင်းတဲ့မိခင်လို့ မြင်မိတယ်။ ဘာဖြစ်လဲဆိုတော့ သူ့ရဲ့ယုံကြည်ခွင့်လွတ်စိတ်နဲ့ သားရဲ့အချစ်ကို ခံစားခဲ့မိလို့ဖြစ်တယ်။ သားကိုလည်း ကံကောင်းသူအဖြစ် မြင်မိတယ်။ စကားကို ဆုံးအောင်ပြောခွင့်ပေးတဲ့ မိခင်ကြောင့် သူ့ရင်ထဲက ရိုးသားမှုတွေကို ထုတ်ဖော်ခွင့်ရခဲ့လို့ဖြစ်တယ်။

http://www.duwenzhang.com 让孩子把话说完

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
အပြည့်အစုံဖတ်ရန်...

လိမ္မော်ချိုလေး တစ်စိပ်

မိဘမဲ့ကျောင်းက ကြီးပြင်းလာခဲ့တဲ့ လူငယ် တစ်ယောက်က သူတွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံကို ဒီလိုပြောပြသွားခဲ့ တယ်။ကျွန်တော် ငယ်ငယ်လေးကတည်းက မိဘတွေ ဆုံးပါးသွားခဲ့လို့ ကျွန်တော် ၉နှစ်သားအရွယ်မှာ လန်ဒန်မြို့က မိဘမဲ့ ကျောင်းတစ်ကျောင်းမှာ သွားနေခဲ့ ရတယ်။ မိဘမဲ့ကျောင်းလို့သာဆိုတယ် ထောင်နဲ့မကွာလှဘူး။ နေ့အချိန်မှာ ကျွန်တော်တို့ ၁၄နာရီလောက် အလုပ်လုပ်ရတယ်။ ပန်းခြံမှာ စိုက်ပျိုးရတယ်။ မီးဖိုမှာ ကူရတယ်။ တစ်ခါတလေ လယ်တွေ ထွန်ယက်ရတယ်။ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ရဲ့ ဘ၀ မပြောင်းလဲခဲ့ဘူး။

တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့အတွက် နားရက်တစ်ရက်ပဲ ရှိတယ်။ အဲဒီနေ့က ခရစ်စမတ်နေ့ပဲ။ အဲဒီနေ့မှာ ဘုရားသခင်ကို ပူဇော်တဲ့အနေနဲ့ လူတိုင်း လိမ္မော်သီး တစ်လုံးစီရကြတယ်။ ခရစ်စမတ်မှာ ကျွန်တော်တို့ အတွက် အစားအသောက်ကောင်းတွေ မရှိဘူး... ကစားစရာ အရုပ်မရှိဘူး... ကျွန်တော်တို့ရဲ့ ဝေစုဟာ လိမ္မော်သီး တစ်လုံးပဲဖြစ်တယ်။ တစ်နှစ်ပတ်လုံး အမှား မကျူးလွန်တဲ့သူ၊ ပြောသမျှ စကားကို နားထောင်ပြီး လိမ္မာတဲ့သူမှ လိမ္မော်သီးကို ရတယ်။ ဒါကြောင့် ခရစ်စမတ်ရဲ့ လိမ္မော်သီးဟာ ကျွန်တော်တို့ တစ်နှစ်ပတ်လုံးရဲ့ မျှော်လင့်ချက် ဖြစ်ခဲ့တယ်။


ဒီလိုနဲ့ ခရစ်စမတ် ပွဲတော်ရက် တစ်ရက်ရောက်လို့လာပြန်တယ်။ အဲဒီရက်က ကျွန်တော့် အတွက် ကမ္ဘာပျက်တဲ့ နေ့ပဲ.... ကလေးတွေ အားလုံး လိမ္မော်သီးရဖို့အတွက် ကျောင်းအုပ်ကြီးရှေ့ တန်းစီနေချိန်မှာ ကျွန်တော်က အခန်းရဲ့ ထောင့်တစ်နေရာမှာ အပြစ်ပေးတာခံနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ် နွေတုန်းက ကျောင်း ကနေ ကျွန်တော်ထွက်ပြေးဖို့ ကြိုးစားခဲ့မိလို့ပဲ။


လိမ္မော်သီးရတဲ့ ကလေးတွေ ခြံထဲ ကစားခွင့်ရတဲ့ အချိန်မှာ ကျွန်တော်က အိပ်ခန်းထဲမှာ တစ်နေကုန် လဲလှောင်းနေရတယ်။ ကျွန်တော် အရမ်းဝမ်းနည်းမိတယ်။ အရမ်းလဲ ရှက်မိတယ်။ ရှိုတ်သံတွေကို မျိုသိပ်ရင်း ကျွန်တော် မျက်ရည်ကျမိတယ်။ ဒီလောကမှာ ကျွန်တော် အသက်ရှင် နေတာ ဘာအဓိပ္ပါယ်မှ မရှိခဲ့ဘူး။


တအောင့်ကြာတော့ ကျွန်တော့်အခန်းထဲ ၀င်လာတဲ့ ခြေသံကို ကျွန်တော် ကြားမိလိုက်တယ်။ ကျွန်တော့် ကိုယ်နဲ့ လုံးထွေးနေတဲ့ စောင်ကို လက်တစ်ဖက်က ဆွဲလှန်လိုက်တာကို ကျွန်တော်ခံစားမိတယ်။ ကျွန်တော် မျက်စိကို ဖွင့်ကြည့်လိုက်တော့ ၀ီလီလို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ကုတင်ရှေ့မှာ ရပ်နေတာကို တွေ့လိုက်တယ်။ သူ့ ညာဖက်လက်မှာ ဆုပ်ကိုင် ထားတဲ့ လိမ္မော်သီး ကျွန်တော်ကို ကမ်းပေးနေတယ်။ သူ့ ဆီမှာ ဘယ်လိုလုပ်ပြီး လိမ္မော်သီး တစ်လုံးပိုနေရတာလဲ... ကျွန်တော် နားမလည်ခဲ့ဘူး.... ၀ီလီကို ကြည့်လိုက် လိမ္မော်သီးကို ကြည့်လိုက်နဲ့ ကျွန်တော် ဇဝေဇ၀ါဖြစ်နေမိတယ်။


ဝီလီက လက်ကို ရှေ့တိုးပြီး ထပ်ကမ်းပေးလာပြန်တယ်။ အခွံနွှာထားတဲ့ လိမ္မော်သီးကို သေချာကြည့်လိုက်မိမှ အရာရာကို ကျွန်တော် သဘောပေါက်သွားတော့တယ်။ ကျွန်တော် မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံလို့ လာပြန်တယ်။


ဝီလီကမ်းပေးလာတဲ့ လိမ္မော်သီးကို လက်နှစ်ဖက်နဲ့ ကျွန်တော် တယုတယ ယူလိုက်တယ်။ နို့မဟုတ်ရင် လိမ္မော်သီးတွေ အစိပ်စိပ် အမွှာမွှာ ကွဲကုန်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေစုရတဲ့ ကလေးဆယ်ယောက်က ဒီခရစ်စမတ်မှာ ကျွန်တော်ကိုလည်း လိမ္မော်သီးတစ်လုံး ပိုင်ဆိုင်စေချင်တဲ့ ဆန္ဒနဲ့ သူတို့ဝေစုထဲက လိမ္မော်သီး တစ်စိပ်စီကိုယူပြီး လိမ္မော်သီး တစ်လုံးဖြစ်အောင် ပေါင်း လိုက်တာပဲဖြစ်တယ်။ ကျွန်တော့်ဘ၀မှာ အဲဒီ လိမ္မော်သီးဟာ အချိုဆုံး၊ အကောင်းဆုံး ခရစ်စမတ် လက်ဆောင် ဖြစ်ခဲ့တယ်။ သူတို့ရဲ့ စစ်မှန်တဲ့ သူငယ်ချင်းပီသမှုကို ကျွန်တော်ခံစားလိုက်ရတယ်။


သူငယ်ချင်း မိတ်ဆွေဆိုတာ ဘ၀မှာ အဖိုးတန်တဲ့ အပေါင်းအဖော်တွေပါ။ မတော်တဆ ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းနဲ့ အပြုအမှုအတွက် သင် စိတ်ထိခိုက်နေသလား... သင့်လက်ထဲက လိမ္မော်ချိုလေး တစ်စိပ်ကို မျှဝေလိုက်ပါ..... နှလုံးသားရဲ့ ရီမောသံတွေကို သင် ပြန်ကြားပါလိမ့်မယ်။


နိုင်းနိုင်းစနေ ဘာသာပြန်သည်။
အပြည့်အစုံဖတ်ရန်...

အချစ်များကြားအကွာအဝေး

သူ့အသက် (၁ဝ)နှစ်

အရက်သောက်မထားရင် အဖေက စကားနည်းပြီး ဆိတ်ဆိတ်နေတတ်သူဖြစ်တယ်။ သူ(၁ဝ)နှစ်အရွယ်မှာ အဖေကို သူစမုန်းတတ်ခဲ့တယ်။ အဲဒီနှစ်က အရက်တွေသောက်ပြီး အမူးလွန်နေတဲ့အဖေဟာ အမေကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့တယ်။ အမေအရိုက်ခံရတာကို သူနဲ့မောင်လေး ထောင့်တစ်နေရာမှာရပ်ပြီး ကြည့်နေခဲ့တယ်။ နုနယ်တဲ့သူ့ရဲ့စိတ်ထဲမှာ ထူထည်းတဲ့အနာတရတွေက မုန်းတီးခြင်းအဖြစ် အရေပြားမွေးညင်းတွေအထိ ကူးစက်ရှင်သန်ခဲ့တယ်။

အဖေက ရွာသူကြီးပါ။ သာမန်ရွာသူရွာသားတွေရဲ့ အမြင်မှာ အဖေက အကြီးအကဲတစ်ဦးဆိုပေမယ့် စာဖတ်များတဲ့ သူ့အမြင်မှာတော့ အဖေက အဆင့်တစ်ဆင့်မြင့်တဲ့ ခေါင်းဆောင်ပဲဖြစ်ခဲ့တယ်။ အဖေထက် ရာထူးကြီးသူတွေ အများအပြားရှိကြောင်း သူသိထားလို့ဖြစ်တယ်။ ဒါကြောင့် ရွာထဲက ကိစ္စသေးသေးမွှားမွှားလေးလုပ်ပြီး အာ.. ဒါက ဥပဒေအရ၊ ဒါက အထက်အမိန့်အရနဲ့ ဂုဏ်ယူဝင့်ကြွားတတ်တဲ့အဖေကို သူကြည့်မရခဲ့ဘူး။

"အဖေဟာ ဘာမှနားမလည်တဲ့ ရွာသူကြီးတစ်ဦးဖြစ်တယ်။ သူ့ကိုမုန်းတယ်" လို့ နေ့စဉ်မှတ်တမ်းမှာ သူရေးမှတ်ခဲ့တယ်။

အဖေက အရက်ကြိုက်သူဖြစ်တယ်။ ရွာထဲမှာ တစ်ခုခုလုပ်ရင် အဖေကိုအရင်ဖိတ်ကြတယ်။ ဒီလိုကိစ္စမျိုးမှာ အဖေက တတပ်တအား ပါဝင်ကူညီတတ်တယ်။ အရက်သောက်ထားတဲ့အဖေဟာ ရွာသားတွေနဲ့ဝိုင်းဖွဲ့ပြီး မျက်ထောင့်နီကြီးနဲ့ ရှုံးသူအရက်သောက်စတမ်းဆိုတဲ့ ကစားနည်းတွေ ကစားနေတတ်တယ်။ ကစားနည်းတွေကို သူနားမလည်ပေမယ့် အဲဒီအပြုအမှုတွေကို ရွံမုန်းစရာကောင်းတယ်လို့ သူထင်ခဲ့တယ်။

အဖေက ရပ်ရွာအဖွဲ့ဝင်တွေကို အိမ်မှာ ထမင်းဖိတ်ကျွေးတတ်တယ်။ အဲဒီအခါ အမေက အိမ်ထဲအိမ်ပြင် အလုပ်များပြီး အဲဒီလူတွေကို ကျွေးမွေးဧည့်ခံရတယ်။ အဲဒီလူတွေကို သူကြည့်မရခဲ့ဘူး။ သူတို့တွေက သူစာကျက်၊ စာရေးလို့မရအောင် လာဖျက်ဆီးသူလို့ သူထင်ခဲ့တယ်။ ဒါကြောင့် ကြီးလာရင် အဖေ့လိုဘယ်တော့မှ မလုပ်ဘူးလို့ သူဆုံးဖြတ်ခဲ့တယ်။

အဖေကို မုန်းတီးတဲ့စိတ်နဲ့ ငယ်ငယ်လေးတည်းက အဖေကို သူပြန်ပြောတတ်ခဲ့တယ်။ တစ်ခွန်းမကျန် ခွန်းတုန့်ပြန်တတ်ခဲ့တယ်။ အဲဒီအပြုအမှုတွေက အကျင့်တစ်ခုအဖြစ် သူသွေးကြောထဲမှာ စီးဆင်းနေခဲ့တယ်။ အဖေပြောတာတွေကို ဆင်ခြေရှာပြီး သူငြင်းဆန်ခဲ့တယ်။ အဖေက သူ့ကိုစူးစိုက်ကြည့်ပြီး "ငါ ရိုက်လိုက်ရ" လို့ အော်တဲ့အချိန် ခေါင်းမော့ပြီး အဖေကို သူပြန်အာခံကြည့်တတ်ခဲ့တယ်။ ဒါပေမယ့် အဖေမျက်လုံးထဲက သူနားမလည်တဲ့၊ သူ့ကိုကြောက်ရွံစေတဲ့အရာတွေက သုံးလေးစက္ကန့်အတွင်းမှာ သူ့ခေါင်းကို ပြန်ခေါင်းငုံ့စေခဲ့တယ်။

အိမ်နီးချင်းတွေက အဖေ့ကို "ခင်ဗျားသမီးက ငယ်ငယ်လေးနဲ့ ထက်တယ်နော်" လို့ပြောရင် အဖေက "အသုံးကျမှာ မဟုတ်ဘူး... ပြန်အာခံဖို့ပဲတတ်တယ်" လို့ ကြမ်းကြမ်းတမ်းတမ်းပြောတယ်။ ဒါကို သူကြားတော့ အဖေကို ပိုမုန်းခဲ့မိတယ်။

သူ့အသက်(၁၈)နှစ်

မြို့ပေါ်မှာ သူအထက်တန်းတက်ခဲ့တယ်။ တစ်ပတ်ဒါမှမဟုတ် နှစ်ပတ်နေမှ သူအိမ်တစ်ခေါက်ပြန်တယ်။

အဖေက ရွာထဲမှာ ရွာသူကြီးလုပ်နေဆဲမို့ အိမ်ပြန်တိုင်း အဖွဲ့ဝင်တွေနဲ့ အရက်ဝိုင်းသောက်နေတတ်တဲ့အဖေကို သူတွေ့ရတယ်။ ဒါကို ရွံရှာတဲ့သူက အိမ်ထဲမှာအောင်းနေရတာက အိမ်ပြင်မှာ အရက်သောက်ပြီးနီမြန်းတဲ့ မျက်နှာနဲ့ ပြုံးရယ်နေတဲ့ အဖေမျက်နှာကို မြင်ရတာထက် ကောင်းတယ်လို့ သူတွေးထင်ခဲ့တယ်။

အဖေအရက်သောက်လေ အမေကို သူသနားလေဖြစ်ခဲ့တယ်။ အမေက အမြဲတမ်း အဖေခိုင်းသမျှကို ဘာတစ်ခွန်းမှ ပြန်မပြောရဲဘဲ မငြိုမငြင်လုပ်ပေးခဲ့ရတယ်။ သူကြီးလာရင် အမေလိုမဖြစ်စေရဘူး၊ အဖေလိုယောက်ျားမျိုးကို မရှာဘူး၊ အပြင်မှာ မကျေနပ်ခဲ့တာတွေကို အမေ့အပေါ်ဒေါသတွေ စုပုံတတ်တဲ့လူမျိုးကို မရှာဘူးလို့ သူ အဓိဋ္ဌာန်ချခဲ့တယ်။

ကျောင်းပိတ်ရက်ရောက်တိုင်း စာကျက်စရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူအိမ်မပြန်ခဲ့တော့ဘူး။ အသုံးစရိတ်ပြတ်မှ အိမ်တစ်ခေါက် သူပြန်တတ်ခဲ့တယ်။ အဖေနဲ့ သူစကားပြောနည်းခဲ့သလို အဖေကလည်း သူနဲ့စကားသိပ်မပြောခဲ့ဘူး။ အိမ်ပြန်တဲ့အချိန် အိမ်မှာအမေရှိမနေခဲ့ရင် ဆင်ခြေတစ်ခုခုရှာပြီး အိမ်ကနေ သူချက်ချင်းပြန်ထွက်ခဲ့တတ်တယ်။ အမေမရှိတဲ့အချိန် အဖေနဲ့အိမ်ထဲမှာ သူအတူရှိမနေချင်ခဲ့ဘူး။

တစ်ခါတလေ အလုပ်ကိစ္စနဲ့ အဖေမြို့တက်ခဲ့ရင် ကျောင်းမှာသူ့ကိုလာကြည့်တတ်တယ်။ ဧည့်ခန်းဆောင်မှာ နေ့ဝက်လောက်ထိ သူ့ကိုထိုင်စောင့်တတ်တဲ့ အဖေကို သူတွေ့ပေမယ့် ဝမ်းသာအားရနှုတ်ဆက်တာမျိုး သူ့မှာ မရှိခဲ့ဘူး။ စာသင်ခန်းထဲကနေ လေးလေးသွဲ့သွဲ့ထွက်လာပြီး "အော်.. အဖေ ရောက်နေတာလား" လို့ပဲ သူပြောတတ်ခဲ့တယ်။

အဖေကလည်း သူ့ကိုတွေ့ပေးမယ့် ရင်းနှီးဟန်မပြခဲ့ဘူး။ "အေး... နင့်အမေက လာကြည့်ခိုင်းလို့ လာခဲ့တယ်။ အဆင်ပြေရဲ့လား"လို့ ဝတ်ကျေတမ်းကျေပြောပြီး တံခါးစောင့်အဘိုးအိုနဲ့ ပြောလက်စ စကားကို ဆက်ပြောနေတတ်တယ်။

သမီးနဲ့အမေ စိတ်ချင်းဆက်ဆိုသလို အမေကို သူသတိရလိုက်မိတယ်။ အဖေသူ့ကိုလာတွေ့တာက အမေခိုင်းလိုက်လို့ပဲဖြစ်မယ်။ သူအိမ်ပြန်တိုင်း တံခါးဝမှာ သူပြန်အလာကို စောင့်မျှော်နေတတ်တဲ့ အမေကို သူမြင်ယောင်မိတယ်။ ဒီလိုအချိန်မျိုးမှာ သူ့မျက်ထောင့်က စိုစွတ်လာတတ်တယ်။

"အေး.. စာကြိုးစား ငါပြန်တော့မယ်"

အဖေရဲ့စကားက ဒီလောက်ပဲလွယ်ကူလွန်းခဲ့ပါတယ်။ အဖေ့စိတ်ထဲမှာ ဒီသမီးအတွက် နေရာရှိခဲ့မှာ မဟုတ်ဘူးလို့ သူထင်တယ်။ ကားပေါ်တက်ပြီး တံခါးစောင့်အဘိုးအိုကို လက်ပြပြီး အဖေအားရပါးရ နှုတ်ဆက်တယ်။ သူ့ကိုတော့ တစ်ချက်ပဲကြည့်ပြီး အဖေထွက်သွားခဲ့တယ်။ တစ်ခါတလေ အဖေက အမေထည့်ပေးလိုက်တဲ့ အသုံးစရိတ်တွေ သူ့ကိုပေးတတ်တယ်။ အမေကို သူပိုကျေးဇူးတင်မိပြီး အဖေကိုတော့ သူတော်ကောင်းယောင်ဆောင်သူလို့ နေ့စဉ်မှတ်တမ်းမှာ သူရေးမှတ်ခဲ့တယ်။

တက္ကသိုလ်ဝင်ခွင့်စာရွက် အမေကိုသူပြတော့ အမေက စိတ်လှုပ်လှုပ်ရှားရှားနဲ့ စာရွက်ကို ပွတ်သပ်ကြည့်နေခဲ့တယ်။ အဖေ့ကိုအမေပြတော့ အဖေမျက်နှာပေါ်က ပြောင်းလဲမှုတချို့ကို သူသတိထားမိလိုက်တယ်။ အဖေ့အတွက် ဂုဏ်ယူဝင့်ကြွားစရာတစ်ခု ရသွားပြီလို့ သူထင်လိုက်တယ်။ တုန်ယင်နေတဲ့ နှုတ်ခမ်းထောင့်စွန်းနဲ့ အဖေစကားတစ်ခွန်း ပြောလိုက်တယ်။

"တကယ်ပဲကွာ!"

အဖေရဲ့စကားကို သူသဘောမပေါက်ခဲ့ဘူး။ နောက်ရက်တွေမှာတော့ အိမ်နီးချင်းတွေနဲ့ ဂုဏ်ပြုစားပွဲလေးတစ်ခု လုပ်ခဲ့ကြတယ်။

"ခင်ဗျားသမီး ထက်တယ်လို့ ကျုပ်ပြောခဲ့တာ မှန်တယ်မဟုတ်လား!" အိမ်နီးချင်းရဲ့ အပြောစကားကြားမှာ အဖေရဲ့ချီးမြှောက်သံကို သူကြားချင်နေခဲ့မိတယ်။ ဒါပေမယ့် အဖေရယ်သံကိုပဲ မျှော်လင့်ချက်မဲ့စွာ သူကြားခဲ့ရတယ်။

ကျောင်းတက်ဖို့ ကားဂိတ်အထိ သူ့ကိုအဖေလိုက်ပို့ခဲ့တယ်။ ကားထွက်ခါနီး အဖေက "ကားထွက်တော့မယ်။ စကားတွေ သိပ်မပြောတော့ဘူး။ ကျောင်းရောက်တာနဲ့ ဖုန်းချက်ချင်းဆက်ခဲ့နော်.. နင့်အမေ သတိရနေလိမ့်မယ်" လို့ပဲပြောခဲ့တယ်။

နှုတ်ခမ်းကို ပြတ်မတတ်သူကိုက်မိတယ်။ သမီးဆိုတာ အမေရဲ့အသားတစ်တုံးပဲလေ မလွမ်းဘဲနေပါ့မလား?

သူ့အသက် (၂၇)နှစ်

ကျောင်းပြီးတော့ မြို့က ကုမ္ပဏီတစ်ခုမှာ သူအလုပ်ဝင်ခဲ့တယ်။ အလုပ်ဝင်ပြီး ကျောင်းတုန်းကချစ်သူနဲ့ သူလက်ထပ်ခဲ့တယ်။ သူလက်ထပ်တော့ အဖေက ရွာအိမ်အထိ သူ့ကိုလာတောင်းဖို့ ကောင်လေးကို ပြောခဲ့တယ်။ ကောင်လေးအိမ်က မချမ်းသာတဲ့အပြင် ကားလည်းမရှိတာကြောင့် မိုင်(၂ဝဝ)ကျော်ဝေးတဲ့ ရွာအထိ သူမသွားစေချင်ခဲ့ဘူး။ ဒါကို အဖေကိုပြောပြတော့ အဖေကလက်မခံခဲ့ဘူး။ ရိုးရာအတိုင်း မိဘအိမ်အထိ သမီးရှင်ကိုလာတောင်းဖို့ပဲ ပြောခဲ့တယ်။

ချစ်သူကောင်လေးကို ဒီအကြောင်းပြောပြတော့ သူတို့က ပျော်ပျော်ရွှင်ရွှင်နဲ့ "အင်း.. ပိုက်ဆံနည်းနည်း ပိုကုန်သွားတာလေးပဲ ဒါကောင်းတယ်" လို့ လက်ခံခဲ့တယ်။

သူ့ကိုလာတောင်းတဲ့နေ့က အဖေအစောကြီးနှိုးနေခဲ့တယ်။ သတိုးသမီးကြိုတဲ့ကားပေါ် သူရောက်တော့ အဖေ့ကို သူမတွေ့ခဲ့တော့ဘူး။ အမေတစ်ယောက်ပဲ သူ့ကိုကားပေါ်ပို့ခဲ့တယ်။ ကားပေါ်ရောက်လို့ မောင်လေးကို "အဖေရော" လို့ သူမေးတော့ "အဖေလား မျက်ရည်တစမ်းစမ်းနဲ့ အိမ်နောက်ဖေးထဲ ဝင်သွားလိုက်တာတွေ့တယ်" လို့ ပြောတယ်။ သူ့ရင်ထဲ စူးခနဲဖြစ်သွားမိတယ်။ သူတို့ရှေ့မှာ အဖေမျက်ရည်ကျတာကို သူတို့တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။

မင်္ဂလာကားပေါ်ရောက်သွားတဲ့ သတိုးသမီးက ကားအောက်ပြန်မဆင်းရဘူးဆိုတဲ့ အယူထုံးစံကြောင့် အဖေကို သူမတွေ့ခဲ့ရဘူး။ ခြံပြင်ဘက် ဝေးဝေးတစ်နေရာရောက်မှ အိမ်နောက်ဖေးမှာ ကျုံ့ကျုံ့လေးထိုင်နေပြီး မျက်နှာကို လက်ဖဝါးနဲ့ပွတ်သပ်နေတဲ့ အဖေရဲ့ခပ်ပါးပါးအရိပ်ကို သူလှမ်းမြင်လိုက်တယ်။ ကားတဖြေးဖြေးဝေးသွားတော့ အဖေ့အရိပ်ကလည်း မှုန်ဝါးဝါးအဖြစ်နဲ့ ကျန်ရစ်ခဲ့တယ်။

အိမ်ထောင်ကျစရက်တွေမှာ သူပျော်ရွှင်နေခဲ့လို့ အိမ်ပြန်တဲ့ရက်တွေ ပိုနည်းသွားခဲ့တယ်။ အိမ်ကိုဖုန်းဆက်ခဲ့ပေမယ့် အမေကပဲ ဖုန်းလာကိုင်တယ်။ တစ်ခါတလေ ဖုန်းတစ်ဘက်မှာ "သမီးရဲ့ဖုန်း သမီးနဲ့ပြောအုန်းမလား" ဆိုတဲ့ အဖေကို လှမ်းမေးတဲ့အသံ ကြားတတ်ရတယ်။

အဖေက ဖုန်းကောက်ကိုင်ပြီး စက္ကန့်ပိုင်းလောက်တော့ တိတ်ဆိတ်နေတတ်တယ်။ ပြီးမှာ "အလုပ်အကိုင် အဆင်ပြေရဲ့လား? နေထိုင်လို့ ကောင်းရဲ့လား?" လို့မေးတတ်တယ်။ အဖေ့အမေးကို "ကောင်းတယ်"လို့ တစ်ခွန်းပဲ သူဖြေတတ်ခဲ့တယ်။ အဖေ့အသံတွေ တစ်နေ့တစ်ခြား အိုစာသွားတာကို သူစိတ်မကောင်းစွာ သတိထားခဲ့မိတယ်။

"အဖေအိုပြီ။ ကျွန်မကြီးပြင်းခဲ့ပြီ။ အဖေကို အရင်က ကျွန်မမုန်းခဲ့ဖူးတယ်။ ခုချိန်မှာတော့ အဖေ့ခေါင်းပေါ်က ပိုဖြူလာတဲ့ဆံပင်တွေကို ကြည့်ရင်း ဘယ်ဆံပင်ဖြူကများ အနားမှာမရှိတဲ့ ဒီသမီးကို လွမ်းဆွတ်ပြီးဖြူတာလဲလို့ ကျွန်မတွေးခဲ့ဖူးတယ်" လို့ နေ့စဉ်မှတ်တမ်းမှာ သူရေးမှတ်ခဲ့တယ်။

သူ့အသက် (၃၂)နှစ်

မောင်လေးလည်း တက္ကသိုလ်ရောက်တော့ အိမ်ကလယ်တွေလည်း လျှော့နည်းကုန်တယ်။ ဆောင်းဦးမှာ အဖေက သူနဲ့မြေးကိုလာကြည့်မယ်လို့ ဖုန်းဆက်တယ်။ လင်ယောက်ျားခရီးထွက်နေတာကြောင့် အိမ်မှာသူတစ်ယောက်တည်း ရှိနေခဲ့တယ်။ မနက်ရောက်မယ်ဆိုတဲ့ အဖေက နေ့လယ်ရောက်တဲ့အထိ ပေါ်မလာခဲ့သေးဘူး။ ကလေးကို ဘေးအိမ်မှာအပ်ခဲ့ပြီး အဖေ့ကို ကားဂိတ်မှာသူသွားရှာခဲ့တယ်။ ကားဂိတ်ရောက်တာနဲ့ လူတွေဝိုင်းအုံ့နေတဲ့ တစ်နေရာကို သူတွေ့မိတယ်။

"တောကတက်လာတဲ့ အဘိုးအိုတစ်ယောက် ကားပွတ်မိလို့တဲ့" လူတွေရဲ့စကားကြောင်း လူအုပ်ကြားထဲ သူအတင်းတိုးဝင်ကြည့်မိတယ်။ ကားသမားနဲ့ လျှော်ကြေးကိစ္စငြင်းခုန်နေတဲ့ အဘိုးအိုကိုတွေ့တော့ သူအော်ငိုပြီး ပြေးဝင်သွားမိတယ်။ ငိုနေတဲ့သူ့ကို ကြောင်ကြည့်နေတဲ့ အဘိုးအိုကိုတွေ့တော့ သူရယ်မိပြန်တယ်။

"ဒီမိန်းမ ဘာဖြစ်တာလဲ?" လူတွေရဲ့အမေးကို သူရှက်ရယ်ရယ်ရင်း လူအုပ်ကြားထဲက ပြန်တိုးထွက်လာတော့ တစ်နေရာမှာရပ်နေတဲ့ အဖေကို သူလှမ်းမြင်လိုက်တယ်။

"အဖေ.. အဖေ ဘာမှမဖြစ်ဘူးနော်" ပါးပေါ်က မျက်ရည်တွေကိုသုတ်ရင်း သူမေးခဲ့တယ်။

သူမျက်ရည်ကျတာကိုတွေ့တော့ အဖေက အားနာဟန်နဲ့ လက်ထဲကလက်ဆောင်တွေကို ကိုင်မြှောက်ပြီး....

"တစ်မနက်လုံး ဈေးထဲပတ်နေတာ.. ဘာလက်ဆောင်ဝယ်ရမလဲ မသိဘူး။ ဒါကို ငါ့မြေးလေး ကြိုက်မယ်ထင်တယ်" လို့မေးတယ်။ အဖေ့လက်ထဲက အထုပ်ကြီးငယ်တွေကိုကြည့်ပြီး သူရယ်မိတယ်။

"အဖေ.. လက်ဆောင်တွေ ဝယ်စရာမလိုဘူးလေ" သူ့ရင်ထဲ နာကျင်နေမိတယ်။ သူ့ရှေ့က ရှက်ရယ်ရယ်နေတဲ့ အဖေကို သူအားရပါးရဖက်ပြီး ငိုချင်ခဲ့မိတယ်။

လမ်းမဘက်ရောက်တော့ နေရောင်ထိုးနေတဲ့ အဖေ့နောက်ကျောကိုကြည့်ပြီး ဘယ်အချိန်ကစပြီး အဖေ့ရဲ့ခါးတွေကုန်းခဲ့မှန်း သူမသိခဲ့ဘူး။ လမ်းပေါ်ကကားတွေ သတိထားစွာ အဖေရှောင်နေခဲ့ပေမယ့် မျက်စိက သူ့ဆီရောက်နေခဲ့တယ်။ ပါးစပ်ကလည်း "သတိထား... ကြည့်စမ်း ကြည့်စမ်း .. လမ်းလျှောက်တာတောင် ကားတွေကို သတိမထားဘူး" လို့ သူ့ကို သတိပေးနေခဲ့တယ်။

"အဖေ... တောကလူတွေ ခွေးမကြောက်သလို မြို့ကလူတွေက ကားမကြောက်ဘူး" လို့ သူပြောတော့ မျက်ထောင့်စွန်းတွေ ကွေးညွှတ်တဲ့အထိ အဖေရယ်တယ်။ အဖေ့မျက်ထောင့်မှာ ကြိုးစသဏ္ဍာန် အရစ်အကြောင်းတွေက စွန်းထင်းလို့....

မြေးကိုတွေ့တော့ အဖေက ကလေးနဲ့တူသွားပြန်တယ်။ မြေးကို ရင်ခွင်ထက်မှာ ထွေးပွေ့ပြီး "ငါ့မြေးလေး.. ငါ့မြေးလေးကို အဘိုးအချစ်ဆုံးပဲ" လို့ဆိုတယ်။ အဖေ့မျက်လုံးအိမ်ထဲက မေတ္တာရည်တွေဟာ အပြင်ကို စီးကျလုလုဖြစ်နေခဲ့တယ်။

မြင်ကွင်းကြောင့် သူတစ်ချက်ငေးကြောင်သွားမိတယ်။ ငယ်ငယ်တုန်းက သူ့ကိုလည်း ရင်ခွင်ထဲဆွဲသွင်းပြီး အဖေပွေ့ဖက်တာကို မြင်ယောင်မိတယ်။ မုတ်ဆိတ်မွေးတွေနဲ့ သူ့မျက်နှာကို အဖေပွတ်သပ်ကျီစယ်ခဲ့တာကို သူသတိရမိတော့ ရင်ထဲနာကျင်လာပြန်တယ်။ အိပ်မက်မကောင်းရင် သူ့ဆီဖုန်းမြန်မြန်ဆက်ဖို့ အမေကို အဖေပြောတတ်တယ်ဆိုတဲ့ အမေ့စကားကိုလည်း သူကြားယောင်လာမိတယ်။

"သမီးအဖေက သမီးကိုသတိရတိုင်း အမေကိုပဲ လွဲချတတ်တယ်" ဆိုတဲ့ အမေစကားကို ကြားယောင်ရင်း မျက်ရည်တွေ ပါးပြင်ပေါ် စီးကျမလာခင် အဖေ့အတွက် ထမင်းပြင်ပေးမယ်ဆိုတဲ့ဆင်ခြေနဲ့ မီးဖိုဘက် သူလှည့်ထွက်လာခဲ့ပြီး အားရပါးရ ငိုချခဲ့မိတယ်။

"အချစ်နဲ့အချစ်ကြား အကွာအဝေးကို အမြဲမမြင်နိုင်ခဲ့ဘူး။ ရုတ်တရက်မြင်နိုင်ခဲ့ရင်လည်း အဲဒီအကွာအဝေးက ဖခင်ရဲ့ချစ်ခြင်းမေတ္တာပဲဖြစ်တယ်။ ဒါမှမဟုတ် ထုတ်ဖော်မပြောတတ်တဲ့ ဂရုစိုက်မှုပဲဖြစ်မယ်" လို့ အဲဒီည နေ့စဉ်မှတ်တမ်းမှာ သူချရေးဖြစ်ခဲ့တယ်။


မူရင်းရေးသားသူ---- Mo Chen Yuan (
墨尘缘) -- 从爱到爱的距离

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အပြည့်အစုံဖတ်ရန်...

တန်ဖိုးထားတဲ့ အချစ်..

ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာအသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က

ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ
ရောက်ရောက် ချင်းဘဲ ကျွန်တော့ကို ပြောတယ်….


“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်..
အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”


ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း “ အဖိုး
ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို
ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့
စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့
အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ
ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…


အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့
ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ
တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က
သူ့ကို စကား စပြောလိုက်တယ်…


“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”


“ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက်
လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူ
မနက်စာ စားနေကြလေ…..”


“အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား …
နေမကောင်းလို့လားခင်ဗျာ…”


“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ
ရောက်နေတာပါကွယ်..”


ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့


“တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကို
စိတ်ဆိုးမှာလား”..


*“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ
ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”*


ကျွန်တော် အတော်လေးအံ့သြသွားတယ်.. “အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း
မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ
ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”




အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာအယာ
ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..


*” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ
သိနေသေးတယ်လေ” *


အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်
ခံစားလိုက်ရသလို ဖြစ်သွားတယ်… အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော်
ကြိုးစားပြီး ထိန်းလိုက်ရတယ်… အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က
ထွက်ခွာသွားခဲ့ပြီ.. အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က
နေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲ
ခံစား မိတယ်… လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ
ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ရှာဖွေနေတဲ့
ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့
အချစ်မျိုးပါ…..


အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး…. စိတ်ခံစားမှု သက်သက်လဲ
မဟုတ်ဘူး.. ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည် ဖြစ်စေ မချစ်သည်ဖြစ်စေ ..ကိုယ့်ဘက်က
အမြဲတမ်း ချစ်သွားနိုင်တဲ့ ၊ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့ အချစ်ကို
အချစ်စစ်ပါ လို့ဆိုရင် စာဖတ်သူများ လက်ခံ နိုင်ပါ့မလား….. ကျွန်မတို့ တွေရဲ့
ဘ၀မှာ *အချစ်စစ် *ဆိုတဲ့ စကားလုံးကို ခနခနသုံးစွဲဖူး၊ ပြောဖူး ကြပါ လိမ့်မယ်
… ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကိုတော့
အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြား ကြပါ လိမ့်မယ်…
ဒီ ဇာတ်လမ်းလေး ထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင်
သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်….
ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်း ကင်းတဲ့ ချစ်ခြင်း တစ်စုံကိုတော့
တန်ဖိုးထားလေးစားရမှာပါ……
အပြည့်အစုံဖတ်ရန်...